
စစ်ကောင်စီ လက်အောက်ခံ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက ယာယီခွင့်မပြုတဲ့ သွင်းကုန်ပစ္စည်း ၃၅ မျိုးစာရင်းကို ထုတ်ပြန်လိုက်ပြီးနောက် ဈေးနှုန်းတက်လာနိုင်မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပြည်သူတွေကြားမှာ ထွက်ပေါ်လာနေပါတယ်။
ကော်မတီက ယာယီကန့်သတ်လိုက်တဲ့ စာရင်းထဲမှာ ဆေးဝါးနဲ့ လက်ကိုင်ဖုန်း အပါအဝင် လူကြီးဒိုက်ဘာ၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ တစ်ရှူး၊ အမွေးတိုင်၊ မီးလုံး၊ ဓာတ်ခဲ၊ ပရုတ်လုံး၊ သံပေပါခွံ၊ ပလတ်စတစ်ခြင်း၊ ပုံး၊ ခွက်၊ ဖျာနဲ့ ခြေညှပ်ဖိနပ် စတဲ့ လူသုံးကုန်ပစ္စည်းတွေ ပါဝင်ပါတယ်။
ဒါ့အပြင် အုန်းနို့၊ ခေါက်ဆွဲ၊ ကြာဆံ၊ သကြားလုံး၊ ဘီစကစ်၊ ပဲငံပြာရည်၊ ကော်ဖီစေ့၊ ကော်ဖီမှုန့်၊ လက်ဖက်ခြောက်၊ သစ်သီးမျိုးစုံ၊ ငှက်သိုက်၊ ကြက်အူချောင်း၊ အသင့်သောက်နို့နဲ့ ဒိန်ချဉ်တို့လို စားသာက်ကုန်တွေနဲ့ ကားနဲ့ ကားပစ္စည်းအချို့၊ ဆောက်လုပ်ရေးသုံးပစ္စည်းအချို့လည်း ပါဝင်ပါတယ်။
အဲဒီအထဲမှာ ဓာတ်လှေကား၊ မီးစက်၊ ဆိုဒီယမ်ဆိုင်ယာနိုက်၊ ဆေး၊ မီးချောင်းတံဆိပ် ကြွေပြားကပ်ကော်မှုန့်တို့ကိုတော့ နယ်စပ်လမ်းကြောင်းကနေ တင်သွင်းခွင့်မပြုဘဲ ပင်လယ်ရေကြောင်းကနေပဲ တင်သွင်းခွင့်ပြုထားပါတယ်။
ဩဂုတ် ၁၂ ရက်က ပြုလုပ်တဲ့ စစ်ကော်မရှင် အစည်းအဝေးမှာလည်း စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နယ်စပ်ဒေသ တရားမဝင် ကုန်သွယ်မှုတွေ ရှိနေပြီး အဲဒီကုန်သွယ်မှုတွေကနေ လက်နက်ကိုင်အဖွဲ့တွေက ဝင်ငွေရရှိနေတာကြောင့် နယ်စပ်ဒေသ တရားမဝင် ကုန်သွယ်မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
အခုလို သွင်းကုန်အချို့ကို ယာယီကန့်သတ်မှုက ဈေးကွက်ထဲ ပစ္စည်းရှားပါးပြီး ကုန်ဈေးနှုန်းအပေါ် သက်ရောက်လာနိုင်တယ်လို့ ပြည်သူတွေအကြား ဝေဖန်မှုတွေ ရှိနေတာပါ။
ရန်ကုန်မြို့နေ အိမ်ရှင်မတယောက်က “စိုးရိမ်တာပေါ့၊ အခုကို ဈေးတွေက ခေါင်ခိုက်ပြီး ဝင်ငွေနဲ့ ထွက်ငွေက မမျှဖြစ်နေတာလေ။ တနေ့ တနေ့ မနည်း စီမံသုံးစွဲနေရတာကို ဈေးထပ်တက်လာကို မစိုးရိမ်ဘဲနေမလား” လို့ ပြောပါတယ်။
လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့ သယ်ယူစရိတ် မြင့်တက်နေမှုကြောင့် လတ်တလော ပြည်တွင်းဈေးကွက်ထဲမှာလည်း ထိုင်းနိုင်ငံထုတ် လူသုံးကုန်နဲ့ စားသောက်ကုန်ပစ္စည်းတွေ အရင်ကထက် ပိုနည်းပါးလာပြီး ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ စားသုံးသူတွေဆီက သိရပါတယ်။
ဒါ့အပြင် အာဏာသိမ်းပြီးနောက် ဒေါ်လာဈေးနဲ့အတူ စံချိန်တင် လိုက်ပါမြင့်တက်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေက လက်ရှိ ဒေါ်လာဈေး ပြန်လည်ကျဆင်းလာခဲ့ပြီ ဖြစ်ပေမဲ့လည်း ကုန်ဈေးနှုန်းတွေကတော့ ပြန်လည်ကျဆင်းလာခြင်း မရှိတဲ့အပါ်မှာလည်း ဝေဖန် ထောက်ပြမှုတွေ ရှိနေပါတယ်။