ကိုးကန့်တပ် (MNDAA) နဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေပါဝင်တဲ့ အဖွဲ့ဟာ ဩဂုတ် ၁၄ ရက်က လားရှိုးမြို့ ဆင်နှစ်ကောင်ဟိုတည်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ DVB ရဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဒီဆွေးနွေးပွဲမှာ ကိုးကန့်တပ်အနေနဲ့ အခိုင်အမာ ပြင်ဆင်တည်ဆောက်ထားတဲ့ သိန္နီမြို့ကို မြောက်တိုင်းစစ်ဌာချုပ်က တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး ဦးဆောင်တဲ့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့က ပြန်တောင်းဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ဖက်ဆွေးနွေးမှုမှာ အဖြေမထွက်ဘဲ ပြီးဆုံးသွားတယ်လို့ အဲဒီအခြေအနေကို သိသူတယောက်က DVB ကို ပြောပါတယ်။
“ထုံးစံအတိုင်းပါပဲ။ ဆွေးနွေးပွဲ အဖြေမထွက်ဘဲ ပြီးသွားတယ်။ နောက်ဆွေးနွေးပွဲ ထပ်လုပ်မယ့် ရက်ကိုတော့ မသိရသေးဘူး။ ထပ်တော့ ဆွေးနွေးဖို့ ရှိတယ်။”
ဒီဆွေးနွေပွဲနဲ့ ပတ်သက်လို့ MNDAA ရဲ့ သဘောထားကို သိရဖို့ ပြန်ကြားရေးတာဝန်ရှိသူ လီကျားဝင်း (ဦးကျော်နိုင်)ကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်တုံ့ပြန်တာမျိုး မရှိသေးပါဘူး။
သိန္နီမြို့ကို စစ်တပ်က ပြန်လည်တောင်းယူနေတဲ့ သတင်းတချို့ ပြီးခဲ့တဲ့ ဇွန်လကတည်းက ထွက်ပေါလာခဲ့ပြီး အခုဆွေးနွေးပွဲ အဆင်မပြေတာကြောင့် နှစ်ဘက်စစ်ရေးအခြေအနေ တင်းမာလာနိုင်တယ်လို့ ဆိုကြပါတယ်။
ဒါ့အပြင် သိန္နီမြို့ကို MNDAA ဘက်က မြို့ပြန်လည်ထူထောင်ရေးတွေဖြစ်တဲ့ လျှပ်စစ်မီး၊ ဆေးရုံဆေးခန်း၊ စီးပွားရေးလုပ်ငန်း စတဲ့ အခြေအနေတွေကို တည်ဆောက်နေတာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ကိုလည်း တရုတ်အားကိုးနဲ့ ဖိအားပေးပြီး ပြန်တောင်းတဲ့အတွက် သေနတ်တချက်မှ မဖောက်လိုက်ရဘဲ စစ်ကောင်စီတပ်ကို MNDAA က ပြန်ပေးခဲ့ရပါတယ်။