
ဟိမဝန္တာကနေ စီးဆင်းလာတဲ့ သမိုင်းဝင်မြစ်ကြီးရဲ့ မြစ်ဖျားမှာ တရုတ်က ကမ္ဘာ့အကြီးဆုံးဆည် တည်ဆောက်မှုရဲ့ သက်ရောက်မှုတွေကို တန်ပြန်ဖို့ အိန္ဒိယကလည်း အဲဒီမြစ်အောက်ပိုင်း သူ့နိုင်ငံတွင်းမှာ အကြီးဆုံး ဆည်ကြီးတခု အမြန်တည်ဆောက်ဖို့ ကြိုးစားနေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
တိဘက်ဒေသမှာ တရုတ်က တည်ဆောက်မယ့် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည်ကြီးဟာ တရုတ်မှာ ယာလုံဆန်ပို၊ အိန္ဒိယမှာ ဗြဟ္မပုတ္တရလို့ ခေါ်သလို အရူနာချယ်ပရာဒေ့ရှ်ပြည်နယ်မှာတော့ ဆီယန်လို့ခေါ်တဲ့ မြစ်ကြီးရဲ့ ရေစီးရေလာကို ခြောက်သွေ့တဲ့ရာသီမှာ ၈၅ ရာခိုင်နှုန်းအထိ လျော့ကျသွားစေနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒီမြစ်ဟာ ဘင်္ဂလားဒေ့ရှ်ထဲကို ဆက်စီးဝင်တဲ့အခါမှာတော့ ယမုန်နာမြစ်လို့ခေါ်တဲ့ သမိုင်းဝင်မြစ်ကြီး ဖြစ်ပါတယ်။
တိဘက်ဒေသ အန်ဆီရေခဲမြစ်ကနေ စီးဆင်းတဲ့ ရေကို တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်က လူ သန်း ၁၀၀ လောက်က မှီခိုနေရတာ ဖြစ်ပါတယ်။
ဒါကြောင့် ၂၀၀၀ ပြည့်လွန် အစောပိုင်းနှစ်တွေကတည်းက အိန္ဒိယအစိုးရက ဆည်စီမံကိန်းတွေ လုပ်ဖို့ စဉ်စားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဆည်ဆောက်လုပ်ရေးကို တရုတ်-အိန္ဒိယ နယ်စပ်ပြည်နယ် အရူနာချယ်ပရာဒေ့ရှ် ဒေသခံတွေ အပါအဝင် အများအပြားက ဝိုင်းဝန်းကန့်ကွက်ကြလို့ နှောင့်နှေးနေကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာတော့ မဟာဗျူဟာပြိုင်ဘက် တရုတ်က မြစ်ဖျားကနေ ဆည်ဆောက်ဖို့ အစီအစဉ်ကို ကြေညာခဲ့ပါတယ်။
ဒါကြောင့် အိန္ဒိယကလည်း မေလထဲမှာ အရူနာချယ်ပရာဒေ့ရှ်မှာ ဆီယန်မြစ်လို့ ခေါ်ဝေါ်တဲ့ ဗြဟ္မပုတ္တရမြစ်မှာ ဆီယန်အထက်ပိုင်း ဘက်စုံသုံးသိုလှောင်ဆည် တည်ဆောက်ဖို့ အစီအစဉ် အတွက် တိုင်းတာမှုတွေကို လုံခြုံရေးအင်အားသုံးပြီး စတင်ခဲ့ပါတယ်။
တရုတ်ဆည် အသေးစိတ် အစီအစဉ်တွေကို ထုတ်ဖော်မပြောသေးပေမဲ့ အိန္ဒိယအစိုးရရဲ့ ခန့်မှန်းချက်အရ ရေစီးဆင်းမှု စုစုပေါင်းရဲ့ သုံးပုံတပုံကျော်၊ တနည်းအားဖြင့် ရေ ကုဗမီတာ ဘီလီယံ ၄၀ လောက်ကို လမ်းလွှဲပစ်နိုင်မယ်လို့ ဆိုပါတယ်။
ဒါဟာ မုတ်သုံမဟုတ်တဲ့လတွေမှာ အိန္ဒိယနိုင်ငံတဝန်း မြေတွေ ခြောက်သွေ့တဲ့အခါ အထူးသဖြင့် ဆိုးဆိုးရွားရွား သက်ရောက်နိုင်ပါတယ်။
ဒါပေမဲ့ ဆီယန်အထက်ပိုင်း ဆည်စီမံကိန်းက ရေစုဆောင်းနိုင်မှုပမာဏ ၁၄ BCM ရှိပြီး အိန္ဒိယက ရာသီဥတု ခြောက်သွေ့တဲ့အချိန်မှာ ရေကို ပြန်လွှတ်ပေးနိုင်တာကြောင့် အဲဒီအခြေအနေကို သက်သာစေနိုင်တယ်လို့ အာဏာပိုင်တွေက ဆိုထားပေမဲ့ ဒေသခံတွေကတော့ ကန့်ကွက်နေဆဲ ဖြစ်ပါတယ်။
Source: Reuters