
ရန်ကုန်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အာဏာသိမ်းစစ်တပ်က ပြုလုပ်မဲ့ရွေးကောက်ပွဲမှာ နေရပ်ပြန်ပြီးမဲပေးဖို့ မရှိဘူးလို့ ကာယကံရှင်လုပ်သားတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တကူးတက ပြန်ပြီးမဲပေးခဲ့ကြပေမဲ့ ဒီတကြိမ်မှာတော့ မဲပေးဖို့ ဆန္ဒရှိမနေတာလို့ ဆိုပါတယ်။
ရွှေပြည်သာစက်မူဇုန်ရှိ အထည်ချုပ်စက်ရုံမှာ အလုပ်ဝင်နေတဲ့ မင်းဘူးမြို့ခံ အလုပ်သမားတယောက်က “၂၀၂၀ တုန်းက မြို့ခံသူငယ်ချင်းတွေ စုပြန်ပြီး မဲပေးခဲ့တယ်။ ဒီနှစ်တော့ ဘယ်သူမှ ပြန်မယ့်အကြောင်းမဟဘူး။ ကိုယ်တိုင်လည်း ပြန်ဖို့စိတ်ကူးမရှိဘူး” လို့ ပြောပါတယ်။
တောင်ငူမြို့သားဖြစ်တဲ့ တာမွေမြို့နယ်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတခုမှာ အလုပ်လုပ်နေသူတယောက်ကလည်း မဲပြန်ပေးမှာမဟုတ်သလို မွေးရပ်မှ မိသားစုဝင်တွေကိုယ်တိုင်က မဲပေးဖို့ မရှိဘူးလို့ ပြောပါတယ်။
“အရင်ကတော့ မဲစာရင်းမှာ နာမည်ကျန်ခဲ့မှာတောင် စိုးရိမ်တာ။ အခုတော့ ရွေးကောက်ပွဲကို အသိအမှတ်လည်း မပြုဘူး၊ ယုံလည်းမယုံဘူး။”
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ နယ်ကလာတဲ့ အလုပ်သမားတွေ နေရပ်ပြန်မဲပေးနိုင်အောင် စက်ရုံနဲ့ လုပ်ငန်းတချို့က ခွင့်ရက်စီစဥ်ပေးတာတွေ ရှိခဲ့တယ်လို့ လုပ်သားတချို့က ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာလကုန်မှာ ရွေးကောက်ပွဲအပိုင်း ၁ လုပ်ဖို့ သတ်မှတ်ထားပြီး လက်ရှိမှာ ရွေးကောက်ပွဲမှာ မဲပေးဖို့ ဖိအားပေးတာ၊ မဲပေးပုံသရုပ်ပြတာတွေ အရှိန်မြှင့်လုပ်နေပါတယ်။
အာဏာသိမ်းစစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။