
ရန်ကုန်တိုင်းမှာပြုလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်၊ ညွှန်ကြားလွှာ၊ အစည်းအဝေးမှတ်တမ်းတွေ ပြင်ပကို မပေါက်ကြားစေဖို့ တာဝန်ယူကြောင်း Non CDM ဝန်ထမ်းတွေ ဝန်ခံကတိလက်မှတ်ထိုးရတယ်လို့ ဝန်ထမ်းသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
ရွေးကောက်ပွဲကာလအတွင်း လူပုဂ္ဂိုလ်၊ သတင်းအချက်အလက်နဲ့ စာရွက်စာတမ်းတွေ ပြင်ပကို မပေါက်ကြားဖို့ ရွေးကောက်ပွဲလုပ်မယ့် မြို့နယ်က Non CDM ဝန်ထမ်းတွေအကုန် စက်တင်ဘာ ၅ ရက်ကစပြီး လက်မှတ်ထိုးရတာလို့ တိုက်ကြီးမြို့ခံဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“တိုက်ကြီးက စစ်တပ်နယ်မြေဆိုတော့ ဝန်ထမ်းတွေအကုန် ဝန်ခံကတိထိုးရတယ်။ ရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းတွေ အပြင်မပေါက်ဖို့၊ တကယ်လို့ ကိုယ့်ကြောင့်ဖြစ်ခဲ့ရင် ဥပဒေအရ အရေးယူခံရမယ် ဆိုတဲ့သဘောမျိုး” လို့ ပြောပါတယ်။
စစ်တပ်ခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက စက်တင်ဘာ ၃ ရက်မှာလုပ်တဲ့ တိုင်းအစည်းအဝေးမှာ Non CDM ဝန်ထမ်းအကြီးအကဲတွေကို ညွှန်ကြားခဲ့တာဖြစ်ပြီး ညွှန်ကြားချက်၊ ထုတ်ပြန်ချက်နဲ့ ကြေးနန်းအများစုဟာ နေပြည်တော် စစ်ရုံးက ပေါက်ကြားတာလို့ ထွေအုပ် ဝန်ထမ်းတယောက်က ပြောပါတယ်။
“ထုတ်ပြန်ချက်တွေ ပေါက်ကြားတဲ့ကိစ္စမှာ မြို့နယ်နဲ့မဆိုင်ဘူး။ ကြေးနန်းက မြို့နယ်ကနေ ခရိုင်၊ ခရိုင်ကနေတိုင်း၊ အဲဒီကနေ စစ်ရုံးအထိ တင်ရတာ။ ပြည်ထဲရေးဆို လက်အောက်ခံဌာနတွေ အများကြီးပဲ။ နောက်ဆုံး သူတို့ရဲ့ အစီရင်ခံစာတွေလည်း စစ်ရုံးကို တင်ရတာပဲ။ အမှန်တော့ ကြေးနန်းတွေ ထုတ်ပြန်ချက်တွေ ပေါက်ကြားတာ နေပြည်တော်စစ်ရုံးကနေ ပေါက်တာ” လို့ ပြောပါတယ်။
ရွေးကောက်ပွဲပထမပိုင်းမှာ ရန်ကုန်တိုင်းက ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ တောင်ဒဂုံ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ သန်လျင်နဲ့ အလုံမြို့နယ်တို့ ပါဝင်ပါတယ်။
အာဏာသိမ်းစစ်တပ်က မြို့နယ် ၁၀၂ မြို့နယ်မှာ လုပ်မယ့် ရွေးကောက်ပွဲပထမပိုင်းကို ပါတီ ၆၁ ပါတီက ဝင်ပြိုင်မှာဖြစ်ပြီး အဲဒီထဲက ၉ ပါတီက တနိုင်ငံလုံးမှာ၊ ကျန်တဲ့ ၅၂ ပါတီကတော့ ပြည်နယ်နဲ့တိုင်းတွေမှာပဲ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။