
အာဏာသိမ်း စစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲကို ဝန်းရံပေးသွားမယ်လို့ ကရင်လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က ပြောကြားလိုက်ပါတယ်။
DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းက စက်တင်ဘာ ၆ ရက်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ DKBA တပ်ဖွဲ့ကလည်း ရွေးကောက်ပွဲကို ပူးပေါင်းပါဝင် ဝန်းရံကူညီမယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေးတဲ့အခင်းအကျင်းလို့ပဲ မြင်ပါတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေးမယ့်ပွဲမှာ ဝန်းရံသွားပါမယ်။”
အလားတူ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ကလည်း စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီသွားမယ်လို့ စက်တင်ဘာ ၃ ရက်က ထုတ်ပြန်ကြေညာပါတယ်။
ဝါရင့်ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်အာဏာရှင် သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲဖြစ်လို့ ကရင် နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအားလုံး ရွေးကောက်ပွဲမှာ မပါဝင်ဘဲ ဆန့်ကျင်ကြဖို့ ကြေညာထားပါတယ်။
အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။