
လာမယ့် ဒီဇင်ဘာလမှာ အာဏာသိမ်းစစ်တပ်က ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ကူညီပေးသွားမယ်လို့ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) က စက်တင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးပါတီတွေကိုလည်း မခွဲခြားဘဲ အကူအညီပေးသွားမှာဖြစ်သလို မဲပေးသူတွေကိုလည်း ကူညီသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
BGF ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်က "အာဏာရှင်စနစ် အဆုံးသတ်သွားဖို့အတွက်ကို ရွေးကောက်ပွဲလုပ်လိုက်မှပဲ အာဏာရှင်က အဆုံးသတ်သွားမှာလေ။ အာဏာရှင်စနစ်ကိုလည်း လက်မခံဘူး၊ ရွေးကောက်ပွဲကိုလည်း လက်မခံဘူး ဆိုလို့ရှိရင် ဒါကြီးကို သက်တမ်းရှည်အောင် ထားသလိုကြီး ဖြစ်နေမှာပေါ့။ ကိုယ်ကြိုက်တဲ့သူကို ကိုယ်ရွေးချယ်ကြပေါ့။ ကျနော်တို့ကတော့ လူထုဘဝလုံခြုံရေး ဒေသတည်ငြိမ်အေးချမ်းရေးအတွက် စဉ်းစားဆုံးဖြတ်ခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
ဝါရင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကြီးဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့ အကြောင်းနဲ့ စစ်အာဏာရှင်သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲဖြစ်လို့ လုံးဝ လက်မခံဘူးလို့ ကြေညာထားပါတယ်။
နောက်ထပ် ကရင်လက်နက်ကိုင်ခွဲထွက်အဖွဲ့ ဖြစ်ကြတဲ့ DKBA နဲ့ KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီတို့ကတော့ တစုံတရာ သဘောထား ထုတ်ပြန်တာ မရှိသေးပါဘူး။
အာဏာသိမ်းစစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲ ပထမပိုင်းကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့ စတင် ပြုလုပ်သွားမှာ ဖြစ်ပြီး ပါတီ ၆၁ ပါတီက ဝင်ပြိုင်ကြဖို့ရှိပါတယ်။
အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေ အသီးသီးကလည်း ထုတ်ပြန်ထားပါတယ်။