Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း ရွေးကောက်ပွဲလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ကို ဖိအားပေး
DVB
·
September 5, 2025

စစ်ကိုင်းတိုင်းမှာ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စတွေကို ဌာနဆိုင်ရာနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဝန်ကြီးချုပ် ဦးမြတ်ကျော်က စက်တင်ဘာ ၄ ရက်မှာ ရဲတွေကို ဖိအားပေး ပြောဆိုတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

မနေ့မနက်က စစ်ကိုင်းတိုင်း၊ ရဲတပ်ဖွဲ့မှူးရုံးမှာ ပြုလုပ်တဲ့ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲမှာ ရွေးကောက်ပွဲအောင်မြင်ရေးသာ အဓိကဖြစ်ပြီး ရဲတွေအနေနဲ့ အရင်ကထက် လုံခြုံရေးတိုးမြှင့်လုပ်ဆောင်ဖို့ ဖိအားပေးပြောဆိုကြောင်း ရဲဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“ရဲတွေကို စစ်တပ်ကပဲဖြစ်ဖြစ် အစိုးရအဖွဲ့ကပဲဖြစ်ဖြစ် လာထောက်ပံ့ပြီဆို လုံခြုံရေး စောင့်ခိုင်းရင်စောင့်ခိုင်း၊ မဟုတ်ရင် စစ်ကြောင်းနဲ့လိုက်ဖို့ လာလှူတာ၊ အလကား ဘယ်သူမှလာမလှူဘူး။ ရွေးကောက်ပွဲလုပ်မယ့် မြို့နယ်တွေမှာ လုံခြုံရေးယူဖို့ လာပြောတာ။”

ဒါ့အပြင် လာမယ့်ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စတွေမှာ ရဲတွေမှာသာ တာဝန်ရှိပြီး ဌာနတွေနဲ့ ပူးပေါင်းကာ လုံခြုံရေး တိုးမြှင့်ဆောင်ရွက်သွားဖို့ ဖိအားပေး ပြောဆိုခဲ့တယ်လို့ သူက ပြောပါတယ်။

စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ အနေနဲ့ မြေပြင် ပကတိအခြေအနေများကြောင့် ရွေးကောက်ပွဲ ပထမပိုင်းမှာ ပါဝင်တဲ့ မြို့နယ် ၁၂ မြို့နယ်အတွင်း ရွေးကောက်ပွဲပျက်သွားမှာ စိတ်ပူပန်မှုများ ရှိတယ်လို့ စစ်ကိုင်းမြို့ခံတယောက်က DVB ကို ပြောပါတယ်။

“စစ်ကိုင်းတိုင်းမှာ ခရိုင် ၁၃ ခုနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိတယ်။ စစ်တပ်က ရွေးကောက်ပွဲလုပ်နိုင်တာ ခရိုင် ၉ ခုနဲ့ နာဂဒေက ၃ မြို့နယ်ပဲရှိတယ်။ ခရိုင် ၄ ခုက မြို့နယ်တွေမှာ မလုပ်နိုင်ဘူး။ တော်လှန်ရေးတပ်တွေ စိုးမိုးထားလို့ အခုလုပ်မယ့် မြို့နယ်တွေမှာ ရွေးကောက်ပွဲပျက်သွားမှာ စစ်တပ်က စိုးရိမ်နေတဲ့သဘော။”

စစ်ကိုင်းတိုင်းမှာ ခရိုင် ၁၃ ခရိုင်ရှိတဲ့အနက် ရွေးကောက်ပွဲ ပထမပိုင်းမှာ ၉ ခရိုင်သာ လုပ်နိုင်ပြီး ယင်းမာပင်ခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်နဲ့ ကောလင်းခရိုင်က မြို့နယ် ၁၂ မြို့နယ် ပြုလုပ်နိုင်ခြင်း မရှိကြောင်း သူကပြောပါတယ်။

ရွေးကောက်ပွဲပထမပိုင်းကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်သွားမှာ ဖြစ်ပြီး စစ်ကိုင်းတိုင်းက လေရှီး၊ လဟယ်၊ နန်းယွန်း၊ ကလေး၊ ကသာ၊ ကန့်ဘလူ၊ ခန္တီး၊ စစ်ကိုင်း၊ တမူး၊ မုံရွာ၊ ရွှေဘိုနဲ့ ဟုမ္မလင်းမြို့နယ် ၁၂ မြို့နယ် ပါဝင်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲ ပထမပိုင်းကို ပါတီ ၆၁ ပါတီက ဝင်ပြိုင်မှာဖြစ်ပြီး အဲဒီထဲက ၉ ပါတီက တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဝင်ပြိုင်မှာဖြစ်ကာ ကျန်တဲ့ ၅၂ ပါတီက ပြည်နယ်နဲ့တိုင်းတွေမှာပဲ ဝင်ပြိုင်မှာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013