Home
မြန်မာသတင်း
ရွေးကောက်ပွဲအတွက် ပါတီများက ပြင်ဆင်နေသော်လည်း လူထုက စိတ်ဝင်စားမှုမရှိ
DVB
·
September 3, 2025

ရန်ကုန်မှာ အာဏာသိမ်းစစ်တပ်က ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေက ရုံးခန်းဖွင့်တာ၊ ပါတီဝင်ဖို့ စည်းရုံးတာတွေရှိပေမဲ့ ပြည်သူလူထုက အရင်ရွေးကောက်ပွဲတွေလောက် စိတ်ပါဝင်စားမှု မရှိကြောင်း မြို့ခံတွေဆီက သိရပါတယ်။

ရွေးကောက်ပွဲ ပထမပိုင်းမှာပါတဲ့ ရန်ကုန်က မြို့နယ် ၁၂ မြိုနယ်မှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီတွေက မြို့နယ်နဲ့ ရပ်ကျေးပါတီ ရုံးခန်းတွေဖွင့်ကာ  ပါတီဝင်အသစ်ရရေးအတွက် စည်းရုံးရေးတွေ လုပ်နေပေမဲ့ လူထုက ၂၀၂၀ ရွေးကောက်ပွဲလောက် စိတ်ပါဝင်စားမှုမရှိဘူးလို့  မှော်ဘီမြို့ခံတယောက်က DVB ကို ပြောပါတယ်။

“ဦးကိုကိုကြီး ပါတီလည်း လူမရှိဘူး၊ ပီသုံးလုံးလည်း လူမလာဘူး၊ တစည ဆို အသံကို မကြားရတော့တာ။ ဦးစိုးမောင် ပါတီက ရုံးခန်းဖွင့်တိုင်း သူ့လူ ၈ ယောက်နဲ့ပဲ ဖွင့်တာ။ ကြံ့ခိုင်ရေးက ဒီမြို့နယ်မှာ ရုံးခန်းဖွင့်ရင် တခြားမြို့နယ်ကသူတွေပါ ခေါ်သုံးတာဆိုတော့ အင်အားများတာ မဆန်းဘူး။ လူထုက ပါတီတွေရော၊ ရွေးကောက်ပွဲရော စိတ်မဝင်စားဘူး။”

စစ်ကောင်စီက ရွေးကောက်ပွဲပထမပိုင်းကို မြိုနယ် ၁၀၂ မြို့နယ်မှာ ကျင်းပသွားမယ်လို့ ထုတ်ပြန်ကြေညာထားပေမဲ့ လုံခြုံရေးစိုးရိမ်ရတဲ့ မြို့နယ်တွေမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ရရှိရေးအတွက် ပါတီတွေအတွက် စိန်ခေါ်မှုရှိတယ်လို့ ကော်မရှင်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ပါတီတွေက ပြိုင်လည်း ပြိုင်ချင်တယ်၊ သေမှာလည်း ကြောက်တယ်။ UEC နဲ့တွေ့တဲ့ပွဲမှာ  လုံခြုံရေးအရ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းကို အရင်လို ဓာတ်ပုံမဖော်ပြဘဲ နာမည်ပဲ ဖော်ပြဖို့အထိ တောင်းဆိုတဲ့ပါတီ ရှိတယ်။ အနိုင်ရမှ လူလုံးထွက်ပြမယ့် သဘော။ စက်တင်ဘာလ ၈ ရက်နေ့ ပါတီတွေအကုန် ကိုယ်စားလှယ်လောင်းစာရင်း တင်ရမှာ။” 

ဒီဇင်ဘာ ၂၈ ရက် စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပထမပိုင်းမှာ ရန်ကုန်တိုင်းက ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ တောင်ဒဂုံ၊ ဗိုလ်တစ်ထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ အလုံနဲ့ သန်လျင်မြို့နယ်တို့ ပါဝင်ပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲပထမပိုင်းကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့ ပြုလုပ်သွားမှာဖြစ်ပြီး ပါတီပေါင်း ၆၁ ပါတီက ဝင်ပြိုင်မှာဖြစ်ကာ အဲဒီထဲက ၉ ပါတီက နိုင်ငံတဝန်းလုံး ဝင်ပြိုင်သွားမှာဖြစ်ပြီး ကျန်တဲ့ ၅၂ ပါတီက ပြည်နယ်နဲ့ တိုင်းကပဲ ပြိုင်မှာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်းနဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစု အသီးသီးက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024