Home
မြန်မာသတင်း
ရွေးကောက်ပွဲဝင်မည့် ရခိုင်တိုင်းရင်းသားများပါတီအပေါ်  သဘောထားအမြင် 
DVB
·
September 2, 2025

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နဲ့ စစ်တွေမြို့တွေမှာ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ခေါင်းဆောင်ဟောင်းလည်းဖြစ်သလို ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်အမတ်ဟောင်းလည်းဖြစ်တဲ့ ဦးဘရှိန် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) ရုံးချုပ်ကို သြဂုတ် ၂၈ ရက်မှာ ဖွင့်လှစ်ခဲ့ပြီး ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။

RNP ပါတီအနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒတွေ၊ ပြည်သူတွေရဲ့အသံကို နားထောင်ပြီး ပြည်သူတွေ ဖြစ်စေချင်တဲ့အတိုင်း ကြိုးစားလုပ်ဆောင်သွားမှာပါလို့ ရခိုင်တိုင်းရင်းသားများပါတီ(RNP) ဥက္ကဋ္ဌ ဦးဘရှိန်က ပြောပါတယ်။

“ရခိုင်ဒေသက ရခိုင်ပြည်သူတွေအပေါ်မှာ အန်ကယ်ယုံကြည်ပါတယ်။ အဲလိုပဲ အန်ကယ်ကိုလည်း ရခိုင်ပြည်သူတွေက အကြွင်းမဲ့ယုံကြည်မှာပါ။ ရွေးကောက်ပွဲကို ပီပြင်အောင်ဝင်မယ်။ ရွေးကောက်ပွဲက တကယ်ဖြစ်လို့ အဖြေထွက်လာရင် ပြည်သူတွေကို ကိုယ်စားပြုတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ပေါ်လာမယ်။ ပြည်သူ့ကိုယ်စားလှယ်တွေပေါ်လာရင် ပြည်သူတွေက ဒီဒေသကို ဘယ်လိုဖြစ်စေချင်လဲ။ အေးအေးချမ်းချမ်းဖြစ်စေချင်လို့ရှိရင် အေးအေးချမ်းချမ်း ဖြစ်နိုင်အောင်ဘယ်လိုကြိုးစားရမလဲ၊ ဘယ်လိုပံ့ပိုးကြမလဲ၊ ဘယ်လိုနည်းလမ်းတွေရှာရမလဲ ဆိုတာကို ကြိုးစားရမှာပေါ့။ ဒီဒေသကို ပြည်သူတွေက ဖွံ့ဖြိုးတိုးတက်စေချင်ရင် ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လျောပြီး ဖွံ့ဖြိုးတိုးတက်အောင်၊ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ရွေးကောက်ပွဲကာလမှာ ၊ မဲဆွယ်တဲ့ကာလမှာ ပြနိုင်ရမှာပေါ့။”

လက်ရှိမှာ RNP ပါတီအနေနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေ၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်း အခက်အခဲတွေ စတဲ့ ပြဿနာတွေကြောင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ စာရင်းမပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း အာဏာသိမ်းစစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို ရခိုင်က ပြည်သူတွေအနေနဲ့ မျှော်လင့်ထားတာမရှိတာကြောင့် ဒါက ကိုယ်ကျိုးအတွက်လုပ်တဲ့ နိုင်ငံရေးသာဖြစ်တယ်လို့ ကျောက်ဖြူဒေသခံ လူမှုရေးတက်ကြွလှုပ်ရှားသူ တယောက်က ပြောပါတယ်။

“ရခိုင်လူထုက ဒီကာလမှာ ဘယ်ရွေးကောက်ပွဲကိုမှ မမျှော်လင့်သလို ရွေးကောက်ပွဲက ရလာမယ့် အခွင့်အရေးတွေကိုလည်း ဘယ်ရခိုင်ပြည်သူမှ မမျှော်လင့်ထားပါဘူး။ ဆိုတော့ ဒီပါတီလက်ရှိ ကျောက်ဖြူမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ဟာက ရခိုင်လူထုအတွက် ဘာအကျိုးရှိတဲ့ လုပ်ငန်းမဟုတ်သလို အကျိုးရလဒ်တွေကိုလည်း မျှော်လင့်လို့ မရပါဘူး။ ဒါက ကိုယ်ကျိုးအတွက် လုပ်တဲ့ နိုင်ငံရေးဖြစ်တယ်။ တနည်းအားဖြင့် စစ်ကောင်စီက ရခိုင်ပြည်မှာ အသက်သွင်းပေးလိုက်တဲ့ ပါတီလို့ ပြောလို့ရပါတယ်။”

သြဂုတ် ၄ ရက်မှာ စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) က နိုင်ငံရေးပါတီအဖြစ် RNP ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၉)နဲ့ အညီ မှတ်ပုံတင်ခွင့်ပြုခဲ့ပါတယ်။

ရခိုင်က မြို့နယ်အများစုကို AA က ထိန်းချုပ်ထားနိုင်ပြီဖြစ်တာကြောင့် အတုအယောင် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် RNP ပါတီအနေနဲ့ ပြည်သူတွေကို ကိုယ်စားပြုတဲ့ ပါတီဖြစ်မှာမဟုတ်သလို ကိုယ်ကျိုးအတ္တကြောင့်ပဲ ပါတီထောင်တာပါလို့ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD ) ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က သုံးသပ်ပါတယ်။

“ရခိုင်ပါတီဆိုပြီး အခုချိန်မှာ ထောင်လိုက်တဲ့ ပါတီတွေက ပြည်သူတွေကို ဘယ်လိုမှ ကိုယ်စားပြုလို့ ရနိုင်မှာမဟုတ်ဘူးလို့ ပထမဆုံး ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်တပြည်နယ်လုံးက ခုချိန်မှာ စစ်ဘေး၊ စစ်ဒဏ်နဲ့ စစ်ဘေးရှောင်နေကြရတဲ့ အနေအထားဖြစ်တယ်။ ရခိုင်ပြည်မှာ ခုချိန် ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တောင်မှ ရခိုင်ပြည်ကိုလည်း ကိုယ်စားမပြုသလို ပြည်သူတွေကိုလည်း ကိုယ်စားပြုလို့ မရဘူးလို့ ပြောရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်ရဲ့ မြို့နယ်အများစုက အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်သွားပါပြီ။ ဒီတော့ ခုလိုချိန်မှာ အချိန်ကိုက်ပြီး ရခိုင်တိုင်းရင်းသားပါတီဆိုပြီးပေါ်လာတာက အဲဒီဒေသကိုရော၊ ပြည်သူတွေကိုရော ရခိုင်ပြည်ကိုရော ကိုယ်စားမပြုနိုင်ဘူးလို့ ပြောချင်ပါတယ်။ သူတို့ရဲ့ ကိုယ်ကျိုးအတ္တကြောင့်သာ ပါတီထောင်တယ်လို့ ထပ်ပြီးပြောပါရစေ။”

စစ်တပ်ကကျင်းပမယ့် ရွေးကောက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အာရက္ခတပ်တော် (AA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တော်လှန်ရေး အင်အားစုတွေက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ထားကြပြီး တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲလို့ သဘောထားထုတ်ပြန်ထား ထားပါတယ်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှာ စစ်ကောင်စီက ရွေးကောက်ပွဲ ပထမပိုင်းကို စတင်ကျင်းပမှာ ဖြစ်ပြီး ရခိုင်မှာ လက်ရှိ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၅ ခုထိ ရှိလာပြီး အဲဒီထဲမှာ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ (RSNUP)၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီနဲ့ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ (MNDP) တို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားပါတယ်။ 

ကေခိုင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024