
ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဘရှိန် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) ဟာ ကျောက်ဖြူမြို့ပေါ်မှာ ပါတီဆိုင်းဘုတ်စိုက်ထူတာတွေ ပြုလုပ်ပြီး မြို့ပေါ်က လူငယ်တချို့ကို ပါတီဝင်အဖြစ် စည်းရုံးနေတာတွေ ရှိတယ်လို့ ကျောက်ဖြူမြို့ခံတွေက ပြောပါတယ်။
ရခိုင်တိုင်းရင်းသားများပါတီ (RNP) ရဲ့ ပါတီဆိုင်းဘုတ်ထောင်ပွဲကို ဩဂုတ် ၂၈ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ပြီး ပါတီတည်ထောင်သူ ဦးဘရှိန် ကိုယ်တိုင် တက်ရောက်ခဲ့ကာ ဒေသခံတွေကိုလည်း ရွေးကောက်ပွဲမှာ မဲပေးကြဖို့ တိုက်တွန်းခဲ့တယ်လို့ ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။
ပါတီဌာနချုပ် ရုံးစိုက်တဲ့ ကျောက်ဖြူမြို့ အလယ်ပိုင်းရပ်ကွက်ရှိ ပါတီဆိုင်းဘုတ်ထောင်ပွဲမှာ ပါတီတည်ထောင်သူ ဦးဘရှိန်က ကျောက်ဖြူမြို့ပေါ်က လူငယ်တချို့ကို ပါတီဝင်ဖို့ စည်းရုံးမှုတွေ ပြုလုပ်နေတယ်လို့လည်း ကျောက်ဖြူမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“သူတို့ပါတီသစ် ဆိုင်းဘုတ်ထူပွဲတွေလုပ်တာ ဒီရက်ပိုင်းမှာ တွေ့လာရတယ်။ နောက် မြို့ပေါ်က လူငယ်တချို့ကိုလည်း ပါတီဝင်အဖြစ် ဝင်ကြဖို့ ဦးဘရှိန်က စည်းရုံးမှုတွေလည်း လုပ်နေတယ်လို့ သိရတယ်။ သူတို့ကတော့ စစ်ကောင်စီ ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် ဝင်ပြိုင်ဖို့ ကြိုးစားနေကြဟန်တူတယ်။”
ဦးဘရှိန် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) ကို စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် (UEC) က ဩဂုတ် ၄ ရက်မှာ ပါတီမှတ်ပုံတင်ခွင့် ပြုခဲ့တာပါ။
စစ်ကောင်စီရဲ့ အခုကျင်းပမယ့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မှုနဲ့ ပြင်ဆင်မှုတွေကို အသေးစိတ်တွေ သိရှိရဖို့ ပါတီတည်ထောင်သူ ဦးဘရှိန်ကို DVB က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းပြန်တာမျိုး မရှိပါဘူး။
လက်ရှိ ကျောက်ဖြူမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ရွေးကောက်ပွဲ ကျင်းပနိုင်မှုဟာလည်း သေချာခြင်းမရှိနိုင်သေးဘူးလို့ နောက်ထပ် ကျောက်ဖြူမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။
“ကျောက်ဖြူမှာက လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲတွေက ပြင်းထန်နေတုန်းပဲဆိုတော့ ကျောက်ဖြူမြို့ရဲ့ အနာဂတ်ကလည်း မသေချာဘူး။ စစ်ကောင်စီကပဲ ဆက်ထိန်းနိုင်မလား၊ AA က သိမ်းပိုက်သွားမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီလိုအချိန်မှာ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ လုပ်သူတွေလည်း ရွေးကောက်ပွဲတောင် မသေချာတဲ့ အခြေအနေမှာ ပြည်သူအတွက် တော်လှန်ရေးအောင်မြင်မှုထက် ဘာမှစွမ်းဆောင်ပေးနိုင်မှာ မဟုတ်ဘူး။”
ဦးဘရှိန်ဟာ ရခိုင်အမျိုသားပါတီ (ANP) နဲ့ စစ်ကောင်စီထံ ပါတီမှတ်ပုံတင်ခဲ့ပြီး ANP ကို စစ်ကောင်စီက ပယ်ချလိုက်ပြီးနောက် ရခိုင်တိုင်းရင်းသားများပါတီ (RNP) ကို တည်ထောင်လိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ရခိုင်ပြည်နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဦးဘရှိန် ဦးဆောင်တဲ့ RNP၊ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ AFP နဲ့ မျိုးနွယ်စုပါတီဝင်တချို့ ရှိနေကြတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အကြောင်းနဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။