
အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်မှာ နိုင်ငံတကာ အသိအမှတ်ပြုမှုတွေနဲ့ ရွေးကောက်ပွဲအတွက် ဆွေးနွေးနိုင်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ စက်တင်ဘာ ၂ ရက် ခရီးစဉ်အတွင်းမှာ ထုတ်ပြောပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တီယန်ကျင်းမြို့မှာ စက်တင်ဘာ ၂ ရက်က ကျင်းပနေတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးကို အာဏာသိမ်း စစ်ခေါင်းဆောင် တက်ရောက်ခဲ့တာပါ။
ဒီခရီးစဉ်မှာ တရုတ်နိုင်ငံ ဒုတိယသမ္မတ H.E. Mr. Han Zheng နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ လာမယ့်ရွေးကောက်ပွဲအတွက် တရုတ်နိုင်ငံရဲ့ အသိအမှတ်ပြုမှုနဲ့ ကူညီပေးနိုင်မှုတွေကို အတည်ပြုနိုင်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးကို တရုတ်နိုင်ငံက ဆက်လက်ကူညီမယ်ဆိုတဲ့ အာမခံချက်တွေလည်း ရခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အလားတူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံအတွက် ရွေးကောက်ပွဲတွေနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးနိုင်ခဲ့သလို လာအိုသမ္မတနဲ့ သီးခြားတွေ့ဆုံပြီး လျှပ်စစ်စွမ်းအင်နဲ့ နယ်စပ်ဖြတ်ကျော် အလုပ်သမားကိစ္စတွေကို ဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒီခရီးစဉ်ဟာ အာဏာသိမ်းစစ်တပ်အတွက် နိုင်ငံရေးအရ အသိအမှတ်ပြုမှုတွေနဲ့ အောင်မြင်တဲ့ ခရီးစဉ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
တဖက်မှာလည်း စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လူထုအခွင့်အရေး ချိုးဖောက်ခံနေရပြီး ဘက်ပေါင်းစုံက အကျပ်အတည်းဆိုက်နေချိန် ပြုလုပ်မယ့် စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ အကြမ်းဖက်မှုတွေ ပိုလာနိုင်တယ်လို့ နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်သူတွေက ထုတ်ပြန်ပြောဆိုထားကြပါတယ်။