Home
နိုင်ငံတကာ
အမေရိကန်ကို စိန်ခေါ်မည့် ကမ္ဘာ့အာဏာအစီအစဉ်သစ် မျှော်မှန်းချက်များ ရှီနှင့် ပူတင် ထုတ်ဖော်
DVB
·
September 1, 2025
Photo: Sputnik/Alexander Kazakov/Pool via REUTERS

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်ကို စိန်ခေါ်နိုင်ဖို့ ကမ္ဘာ့လုံခြုံရေးနဲ့ စီးပွားရေး အာဏာအစီအစဉ်သစ် မျှော်မှန်းချက်တွေကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ချပြခဲ့သလို ရုရှားသမ္မတ ဗလာဒီမာပူတင်ကလည်း ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

စက်တင်ဘာ ၁ ရက် တွေ့ဆုံမှုမှာ ရှီက အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ ဧရာမစျေးကွက်ကြီးကို အသုံးချဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

SCO ဟာ နိုင်ငံတကာဆက်ဆံရေး စံပုံစံသစ်တရပ် ချမှတ်နိုင်ခဲ့တယ်လို့ ရှီက အဖွင့်မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။

ကမ္ဘာ့ခေါင်းဆောင် ၂၀ ကျော် တက်ရောက်တဲ့ ထိပ်သီးဆွေးနွေးပွဲကို တရုတ်နိုင်ငံမြောက်ပိုင်း၊ တီယန်ကျင်း ဆိပ်ကမ်းမြို့မှာ ကျင်းပနေတာဖြစ်ပါတယ်။

“ကျုပ်တို့အနေနဲ့ တန်းတူညီမျှပြီး စနစ်ကျတဲ့ ဝင်ရိုးစုံကမ္ဘာစနစ်နဲ့ အားလုံးပါဝင်တဲ့ စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်းကို ထောက်ခံအားပေးသင့်ပြီး ပိုမိုတရားမျှတတဲ့ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ် တည်ဆောက်ရေးကို မြှင့်တင်သင့်ပါတယ်” လို့ ရှီက သူ့မျှော်မှန်းချက်ကို ချပြခဲ့ပါတယ်။

ပူတင်ကလည်း အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်း ငွေပေးချေမှုတွေမှာ ကိုယ့်နိုင်ငံသုံး ငွေကြေးတွေကို ပိုမိုအသုံးပြုလာတာနဲ့အမျှ “စစ်မှန်တဲ့ ဗဟုဝါဒ” ကို ပြန်လည်အသက်သွင်းနိုင်ခဲ့တယ်လို့ ပြောခဲ့ပြီး ဒေါ်လာမှီခိုရမှု လျှော့ချဖို့ကို ဇောင်းပေးပြောခဲ့ပါတယ်။

“ဒီလုံခြုံရေးစနစ်ဟာ ဥရောပကိုဗဟိုပြုတဲ့ ပုံစံ၊ ဥရောပ-အတ္တလန္တိတ် ပုံစံတွေနဲ့ မတူဘဲ နိုင်ငံအများအပြားရဲ့ အကျိုးစီးပွားကို အမှန်တကယ် ထည့်သွင်းစဉ်းစားမှာဖြစ်ပြီး တကယ်မျှတပါတယ်။ နိုင်ငံတနိုင်ငံက တခြားနိုင်ငံတွေရဲ့ အကျိုးကို ထိခိုက်ခံပြီး ကိုယ့်လုံခြုံရေး တခုတည်းအတွက် လုပ်ဆောင်တာမျိုးကို ခွင့်ပြုမှာမဟုတ်ပါဘူး” လို့လည်း ရုရှားသမ္မတက အမေရိကန်ကို ရည်ရွယ်ပြီး ပြောသွားပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီနဲ့ အလယ်အာရှ၊ အရှေ့အလယ်ပိုင်း၊ တောင်အာရှနဲ့ အရှေ့တောင်အာရှက တခြားခေါင်းဆောင်တွေလည်း ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပြီး ဒါဟာ ကမ္ဘာ့တောင်ခြမ်းနိုင်ငံတွေရဲ့ စုပြီး တရုတ်က အင်အားပြတဲ့ပွဲ ဖြစ်ပါတယ်။

SCO အဖွဲ့ကို တရုတ်နဲ့ ရုရှား ဦးဆောင်ပြီး ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ ဥဇဘက်ကစ္စတန် ဆိုတဲ့ ယူရေးရှားဒေသ ၆ နိုင်ငံနဲ့ ၂၀၀၁ မှာ စဖွဲ့ခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာ အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်၊ ဘီလာရုစ်တို့ပါ ဝင်ရောက်လာခဲ့ပြီး အဖွဲ့ဝင် ၁၀ နိုင်ငံ ဖြစ်လာပါတယ်။ လေ့လာသူအဆင့်နဲ့ ဆွေးနွေးဖက်အဖြစ် ပါဝင်တဲ့နိုင်ငံ ၁၆ နိုင်ငံအထိ ရှိနေပါတယ်။

မြန်မာနိုင်ငံကတော့ မင်းအောင်လှိုင် အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၃ မှာ SCO ရဲ့ dialogue partner (ဆွေးနွေးဖက်) အဖြစ် ပါဝင်နေတာဖြစ်ပါတယ်။

ရှီက အဖွဲ့ဝင်နိုင်ငံတွေကို “စစ်အေးခေတ် စိတ်ဓာတ်နဲ့ အုပ်စုဖွဲ့ ထိပ်တိုက်တွေ့မှုကို ဆန့်ကျင်ဖို့” နဲ့ ဘက်စုံကုန်သွယ်ရေးစနစ်တွေကို ထောက်ခံဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အခွန်စည်းကြပ်မှု အခြေပြု ကုန်သွယ်ရေးစစ်ပွဲကို  ပြောင်ပြောင်တင်းတင်း ထိုးနှက်မှုလည်း ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013