Home
မြန်မာသတင်း
စစ်ခေါင်းဆောင် တရုတ်ခရီးစဉ်အတွင်း တရုတ်၊ အိန္ဒိယ ခေါင်းဆောင်များနှင့် သီးခြားစီတွေ့ဆုံ
DVB
·
September 1, 2025

အာဏာသိမ်း စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့က သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။

ဩဂုတ် ၃၀ ရက်မှာ တရုတ်သမ္မတ၊ ဩဂုတ် ၃၁ ရက်မှာ အိန္ဒိယဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ၂ နိုင်ငံလုံးက မြန်မာနဲ့ဆက်ဆံရေးကို မဟာဗျူဟာ အရေးပါမှုအနေနဲ့ ဖော်ပြခဲ့ကြပြီး နိုင်ငံရေးသဘောထား၊ လုံခြုံရေး၊ နယ်စပ်နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံမှုမှာ တရုတ်သမ္မတက မြန်မာစစ်တပ်အပေါ် တိုက်ရိုက်ထောက်ခံမှုကို ပြသခဲ့သလို “မြန်မာနိုင်ငံ စည်းလုံးညီညွတ်ပြီး ပြည်တွင်းနိုင်ငံရေး အင်အားစုများစွာကို စုစည်း၍ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ရရှိစေရေးကိုလည်း ထောက်ခံလျက်ရှိတယ်” လို့ ပြောခဲ့ပါတယ်။

အိန္ဒိယဝန်ကြီးချုပ်ကတော့ မြန်မာ့အရေးကို မြန်မာကိုယ်တိုင် ဦးဆောင်ကိုင်တွယ် ဖြေရှင်းဖို့ ထောက်ခံအားပေးသလို လာမယ့်ရွေးကောက်ပွဲမှာ အားလုံးပါဝင်ပြီး တရားမျှတဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

တခြားကိစ္စတွေအနေနဲ့ကတော့ တရုတ်သမ္မတက မြန်မာနိုင်ငံထဲက တရုတ်စီးပွား စီမံကိန်းတွေရဲ့ လုံခြုံရေးကိစ္စကို ဦးစားပေးပြောခဲ့သလို တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းကိစ္စနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု တိုက်ဖျက်ရေးကိစ္စတွေကို ပြောခဲ့တာ တွေ့ရပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကတော့ တရုတ်တနိုင်ငံတည်းမူဝါဒ(One China Policy)ကို ထပ်မံအတည်ပြုခဲ့သလို နိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိအားပေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့တာ တွေ့ရပါတယ်။

ဒါ့အတူ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်း “Belt and Road” ကို ပူးတွဲတည်ဆောက်ဖို့၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ စတဲ့နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ဖို့ ဆိုခဲ့ကြတာ တွေ့ရပါတယ်။

အိန္ဒိယဝန်ကြီးချုပ်နဲ့လည်း ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်စီမံခန့်ခွဲမှု၊ နယ်စပ်ကုန်သွယ်မှု အပါအဝင် အကျိုးစီးပွားစုံကို ဆွေးနွေးခဲ့ကြပြီး အသေးစိတ်ကို နှစ်ဖက်လုံးက ထုတ်ပြန်တာ မရှိသေးပါဘူး။

အလားတူ ဩဂုတ် ၃၁ ရက် မနက်ပိုင်းမှာ မြန်မာ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြပြီး အဲဒီပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကုန်းတွင်းပိတ် တရုတ်တောင်ပိုင်းအတွက် မြန်မာနိုင်ငံကိုဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးမယ်လို့ ကမ်းလှမ်းခဲ့တာ တွေ့ရပါတယ်။

မြန်မာစစ်ခေါင်းဆောင်ဟာ တရုတ်သမ္မတရဲ့ ဖိတ်ကြားချက်နဲ့ ဩဂုတ် ၃၀ ကနေ စက်တင်ဘာ ၁ ရက်အထိ တီယန်ကျင်းမြို့မှာ ကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့ ၂၅ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၃ ရက်နေ့ ပေကျင်းမြို့မှာကျင်းပမယ့် နှစ် ၈၀ ပြည့် ဂျပန်စစ်တပ် လက်နက်ချ အညံ့ခံခြင်းနဲ့ ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်း အထိမ်းအမှတ် စစ်ရေးချီတက်ပွဲကိုလည်း တက်ရောက်မယ်လို့ သိရပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013