Home
နိုင်ငံတကာ
တရုတ် “နဂါး” နှင့် အိန္ဒိယ “ဆင်” ရန်ဘက်မဟုတ်၊ မိတ်ဖက်ဟုဆို 
DVB
·
September 1, 2025
Photo: Reuters

တရုတ် “နဂါး” နဲ့ အိန္ဒိယ “ဆင်” တို့ဟာ ဖွံ့ဖြိုးရေးမိတ်ဖက်တွေသာ ဖြစ်ပြီး ပြိုင်ဘက်တွေ မဟုတ်ဘူးလို့ တရုတ်သမ္မတ ရှီချင့်ဖျင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီတို့ သဘောတူညီခဲ့ကြပါတယ်။

တရုတ်နိုင်ငံမြောက်ပိုင်းမြို့ တီယန်ကျင်းမှာ ပြုလုပ်တဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ဆွေးနွေးပွဲနဲ့ တဆက်တည်း သီးခြားစီတွေ့ဆုံမှုမှာ တရုတ်သမ္မတ ရှီက ဒီနှစ်နိုင်ငံဟာ အိမ်နီးချင်းကောင်းတွေဖြစ်နိုင်ပြီး ကမ္ဘာ့တောင်ပိုင်းရဲ့ အဓိကအစိတ်အပိုင်း ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“တရုတ်နဲ့ အိန္ဒိယဟာ ယဉ်ကျေးမှုအမြင့်မားဆုံးနိုင်ငံနှစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံနှစ်ခုဖြစ်သလို ကမ္ဘာ့တောင်ပိုင်းရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ မိတ်ဆွေဖြစ်ဖို့၊ အိမ်နီးချင်းကောင်းဖြစ်ဖို့ အရေးကြီးပါတယ်။ နဂါးနဲ့ ဆင် အတူတွဲ ရှေ့ဆက်ရပါမယ်” လို့ ရှီက မှတ်ချက်ချခဲ့ပါတယ်။

တရုတ်ကို ၇ နှစ်အတွင်း ပထမဆုံးအကြိမ် လာရောက်ခဲ့တဲ့ မိုဒီကလည်း မနှစ်ကစလို့ နှစ်နိုင်ငံစလုံးဟာ တည်ငြိမ်အေးချမ်းတဲ့ အခြေအနေ ရှိလာပြီလို့ မှတ်ချက်ချပါတယ်။

မိုဒီဟာ ၂၀၁၄ ခုနှစ် ဝန်ကြီးချုပ် စဖြစ်ချိန်ကနေ ၂၀၁၈ အတွင်း တရုတ်ကို ၅ ကြိမ်တောင် လာခဲ့ဖူးပါတယ်။

ဒါပေမဲ့ ၂၀၂၀ တုန်းက ဟိမဝန္တာ နယ်စပ်ပဋိပက္ခကြောင့် နှစ်ဖက်ဆက်ဆံရေး တင်းမာလာခဲ့တာ ဖြစ်ပါတယ်။

“အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ ထိလွယ်ရှလွယ်ရှိမှုတွေအပေါ် အခြေခံပြီးတော့ ကျုပ်တို့ဆက်ဆံရေးကို ရှေ့ဆက်ဖို့ သန္နိဋ္ဌာန်ချထားပါတယ်” လို့ အိန္ဒိယဝန်ကြီးချုပ်က တုံ့ပြန်ပါတယ်။

ဩဂုတ် ၃၁ ရက် နေ့လယ်ပိုင်းကစတင်ခဲ့တဲ့ ၂ ယောက် သီးသန့်တွေ့ဆုံမှုဟာ တနာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။

ရုရှားရေနံဝယ်တဲ့ အိန္ဒိယအပေါ် အမေရိကန်က စည်းကြပ်ခွန် ထပ်တိုး ၅၀ ရာခိုင်နှုန်း ကောက်ခံခဲ့အပြီး ၅ ရက်အကြာမှာ တရုတ်-အိန္ဒိယ ခေါင်းဆောင်တွေ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ရှီနဲ့ မိုဒီဟာ အနောက်ကမ္ဘာရဲ့ ဖိအားကို ရင်ဆိုင်ဖို့ ညီညွတ်ရေးကို ဦးစားပေး ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013