
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး ကုန်သွယ်ရေး၊ စွမ်းအင်နဲ့ မြေရှားသတ္တုတူးဖော်ရေးကိစ္စ တွေဆွေးနွေးခဲ့ကြတယ်လို့ မိုဒီက သူ့ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။
ရှန်ဟိုင်းပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ရဲ့ ၂၅ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ တရုတ်နိုင်ငံ တီယန်ကျင်းမြို့ကို ရောက်ရှိနေချိန် ဝန်ကြီးချုပ် မိုဒီနဲ့ မြန်မာစစ်ခေါင်းဆောင်တို့ ဩဂုတ် ၃၁ ရက်က Wanda Vista ဟိုတယ်မှာ သီးခြားတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့နဲ့ ထိတွေ့ဆက်ဆံရေးမူဝါဒနဲ့ အိမ်နီးချင်း ဦးစားပေးရေး မူဝါဒတွေရဲ့ အရေးပါတဲ့ မဏ္ဍိုင်တခု ဖြစ်တယ်။ ကုန်သွယ်ရေး၊ ချိတ်ဆက်ဆောင်ရွက်ရေး၊ စွမ်းအင်၊ မြေရှားသတ္တုတူးဖော်ရေးနဲ့ လုံခြုံရေးကဏ္ဍတွေမှာ ၂ နိုင်ငံဆက်ဆံရေး တိုးမြှင့်ဖို့အတွက် အလားအလာကောင်းတွေရှိတယ်လို့ ၂ ဦး သဘောတူညီခဲ့ကြတယ်လို့ ဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။
စစ်ကောင်စီပြန်ကြားရေးကတော့ အိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ၂ နိုင်ငံအကြား နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ကုန်သွယ်မှုကဏ္ဍမြှင့်တင်ရေး၊ ၂ နိုင်ငံအစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပါတယ်။
ဒါ့အပြင် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ စေလွှတ်ပေးသွားမယ့် အခြေအနေတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
အဆိုပါတွေ့ဆုံပွဲကို မြန်မာဘက်က စစ်ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ စစ်ကော်မရှင်အဖွဲ့ဝင်တွေ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ မြန်မာသံအမတ်ကြီးတို့ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံဘက်က အိန္ဒိယနိုင်ငံအစိုးရ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။