Home
ရုပ်သံ
မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ရန် ပြင်ဆင်နေ
DVB
·
September 1, 2025

ဆယ်စုနှစ်တစုကြာ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းကို ပြန်လည်စတင်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်ခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။

မြန်မာနဲ့ တရုတ် နှစ်နိုင်ငံအကြား ကျောက်ဖြူစီမံကိန်း၊ မြစ်ဆုံစီမံကိန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း၊ မန္တလေး-မူဆယ် ရထားလမ်းစီမံကိန်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်အရ သိရပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တီယန်ကျင်းမြို့၊ Tangle Hotel မှာ ပြုလုပ်တဲ့ မြန်မာ-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အကူအညီနဲ့ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်နဲ့ စွမ်းအင်၊ စိုက်ပျိုးရေး၊ စက်မှုနဲ့ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွေမှာ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံအကြား ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတို့ကို ပူးပေါင်းဆောင်ရွက်လျက် ရှိတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ မိုင် ၂၀ ကျော်အကွာမှာရှိတဲ့ ဒီစီမံကိန်းကို ၂၀၀၉ ခုနှစ် စစ်အစိုးရလက်ထက်မှာ စတင်ခဲ့တာပါ။

၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် ရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။

NLD လက်ထက်မှာ တရုတ်ဘက်က စီမံကိန်းပြန်စဖို့ ကြိုးပမ်းတာတွေ ရှိခဲ့ပေမဲ့ ပြန်လည်စတင်နိုင်တာ မရှိခဲ့ပါဘူး။

ဧရာဝတီမြစ် စတင်မြစ်ဖျားခံရာ မေခနဲ့ မလိခတို့ဆုံတဲ့ မြစ်ဆုံနေရာနဲ့ မြစ်လက်တက်တွေပေါ်မှာ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀,၀၀၀ နီးပါး ထုတ်လုပ်နိုင်မယ့် ရေကာတာ(ဆည်) ၇ ခုနဲ့ မေခမြစ်အရှေ့ဘက်နားမှာလည်း ၉၉ မဂ္ဂါ၀ပ်ထွက်မယ့် ချီဖွေငယ်ဆည်တို့ကို တည်ဆောက်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

အဆိုပါစီမံကိန်းကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြန်လည်စတင်ဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင်ဖို့အတွက် ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး အမိန့်နဲ့ ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းကြောင်း ၂၀၂၄ ခုနှစ် မေ ၁၇ ရက် ပြန်တမ်းမှာ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013