
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ စက်တင်ဘာ ၂ ရက် အစောပိုင်းက သူ့ရဲ့ အထူးရထားနဲ့ နယ်စပ်ကိုဖြတ်ကျော်ကာ တရုတ်နိုင်ငံထဲ ဝင်ရောက်သွားခဲ့ပြီး ဒါဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်က တရားဝင်လက်နက်ချတဲ့ တရုတ်နိုင်ငံရဲ့ အခမ်းအနားကို တက်ရောက်ဖို့ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၂ ရက်မှာ ပြောပါတယ်။
ကင်မ်ဂျုံအန်းဟာ စက်တင်ဘာ ၁ ရက်မှာ နိုင်ငံကနေထွက်ခွာခဲ့ပြီး စက်တင်ဘာ ၂ ရက် မနက်အစောပိုင်းမှာ တရုတ်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်သွားတယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းစာ ရိုဒုန်းရှင်မွန်းက ပြောကြားခဲ့ပြီး ပေကျင်းကို ဒီနေ့ မနက်ပိုင်းမှာ ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
မြောက်ကိုရီးယားရဲ့ တရားဝင်သတင်းဌာန KCNA က ရထားထဲမှာထိုင်နေတဲ့ ကင်မ်ဂျုံအန်းနဲ့ နိုင်ငံခြားရေးဝန်ကြီး ချွဲဆွန်းဟီ အပါအဝင် တာဝန်ရှိသူတွေရဲ့ ဓာတ်ပုံကို ထုတ်ပြန်ခဲ့ပြီး ရိုဒုန်း ရှင်မွန်း သတင်းစာကလည်း အစိမ်းရောင် အထူးရထားရဲ့ အပြင်ဘက်မှာ ရပ်နေတဲ့ ကင်မ်ဂျုံအန်းရဲ့ ဓာတ်ပုံတွေကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီရထားဟာ အရင်က တရုတ်နဲ့ ရုရှားတို့လို တခြားနိုင်ငံတွေကို ခရီးသွားရာမှာ အသုံးပြုခဲ့တဲ့ ကျည်ကာရထားနဲ့ ဆင်တူပါတယ်။
တချိန်တည်းမှာပဲ မြောက်ကိုရီးယားနိုင်ငံဟာ စက်တင်ဘာ ၁ ရက် ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ကမ္ဘာ့အုပ်ချုပ်မှုစနစ်ကို ပိုမိုတရားမျှတအောင် လုပ်သင့်တယ်လို့ ပြောကြား တောင်းဆိုခဲ့တဲ့ သဘောထားမှတ်ချက်ကို ထောက်ခံကြောင်း ထုတ်ဖော်ခဲ့ပြီး မြောက်ကိုရီးယားနဲ့ တရုတ်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာရင် အဲဒီလိုတန်ဖိုးကို ရရှိပါလိမ့်မယ်လို့လည်း ဖြည့်စွက် ပြောကြားခဲ့တယ်လို့ မြောက်ကိုရီးယား ဒု-နိုင်ငံခြားရေး ဝန်ကြီးက မှတ်ချက်ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ တင်ထားပါတယ်။
စက်တင်ဘာ ၁ ရက်နေ့ကပဲ ပြည်သူ့လုံခြုံရေးဝန်ကြီး ဘန်တူဆော့ ဦးဆောင်တဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံကို သွားရောက်ဖို့ ပြုံယမ်းကနေ ထွက်ခွာခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ပြည်သူ့လုံခြုံရေးဝန်ကြီး ဘန်တူဆော့ကို ရုရှားသံရုံးက တာဝန်ရှိသူတွေ ပြုံယမ်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့တာကို မြောက်ကိုရီးယားရဲ့ တရားဝင် သတင်းအေဂျင်စီ KCNA က ဗီဒီယို ပံ့ပိုးပေးထားပါတယ်။
မြောက်ကိုရီးယားရဲ့ ရုရှားခရီးစဉ် ရည်ရွယ်ချက်နဲ့ အချိန်ဇယားတွေကိုတော့ KCNA က ဖော်ပြထားခြင်း မရှိပါဘူး။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့တဲ့ ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံး ၃ နှစ်တာ ကာလအတွင်းမှာ ရုရှားနဲ့ မြောက်ကိုရီးယားအကြား ဆက်ဆံရေးက ပိုမိုနက်ရှိုင်းလာခဲ့တာ ဖြစ်ပါတယ်။
Source: Reuters