Home
ဆောင်းပါး
တရုတ် ပေးတဲ့အသက်နဲ့ ရှေ့ဆက်လာတဲ့ စစ်ကော်မရှင်
DVB
·
September 2, 2025

မြန်မာပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်နေရုံတင်မက အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူတွေကို စွမ်းစွမ်းတမံ သတ်ဖြတ်နေမှုအပေါ် ကာယကံမြောက် အကူအညီပေးနေတဲ့ တရုတ်အစိုးရက သူတော်စင်တပါးအသွင် ထိုးဇာတ်ဆင်ပြန်တယ်။

ဩဂုတ် ၁၄ ရက်က ယူနန်ရောက်နေတဲ့ စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနဲ့ တွေ့ဆုံရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြည်တွင်းငြိမ်းချမ်းရေးရဖို့နဲ့ ပြည်သူ့ဆန္ဒကို အခြေခံတဲ့ အစိုးရတရပ် ပေါ်ပေါက်လာဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ကျယ်ပြန့်တဲ့ ညီညွတ်မှု ရှိလာဖို့နဲ့ ငလျင်အလွန် ပြန်လည်ထူထောင်ရေးမှာ ပြည်သူ့ဘဝ တိုးတက်ဖို့ဆိုပြီး မြန်မာ့အရေး တရုတ်ရဲ့ မျှော်လင့်ချက် ၃ ရပ်လို့ ဆိုရမလား၊ လက်ချာပေးခဲ့တယ်။

လုယက်ထားတဲ့ အာဏာတည်မြဲရေးအတွက် ပြည်သူကို သတ်ချင်တိုင်း သတ်နေတဲ့ လက်မရွံ့သားကို သွေးဆာနေတဲ့ ဓားတွေချ၊ သွေးသံတရဲရဲနဲ့ ခန္ဓာကို ရေမိုးချိုး ယူနီဖောင်း ပြောင်းဝတ်စေကာ တရားဘာဝနာ အားထုတ်ဖို့ ဘီလူးဆိုင်းတီးနေတဲ့ တရုတ်ကြီးရဲ့ လမ်းညွှန်ချက်က အဲဒီလို လှတပတ။

အခု ပြည်သတ်မင်းအောင်လှိုင်ကို တရုတ်ရဲ့ အာဏာဗဟိုချက် ပေကျင်းအထိ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဖိတ်ခေါ်ကာ လက်ဆွဲနှုတ်ဆွဲခဲ့တာ ဆိုတော့ ပေကျင်း မရောက်မီမှာ တရုတ်ရဲ့ မျှော်လင့်ချက် ပြည်သူအပေါ် အခြေပြုတဲ့ အစိုးရကောင်းတရပ်ကို လိုချင်ကြောင်း၊ အစိုးရကောင်းတရပ်ရဲ့ ကြန်အင်လည်းမရှိ၊ နိုင်ငံကြီးတနိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း မရှိတဲ့ တရုတ်အစိုးရက လူကြားကောင်းအောင် ဟန်လုပ်ပြလိုက်တယ်လို့ပဲ နားလည်မိတယ်။

တရုတ်မြေပေါ် မင်းအောင်လှိုင် ခြေချပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တီယန်ကျင်းမြို့မှာ လက်ဆွဲ နှုတ်ဆက်ခဲ့တဲ့ ဩဂုတ် ၃၀ ရက်၊ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ငကင်းရွာဘုရားဝင်းထဲ ဗုံးကြဲချခဲ့တာကြောင့် ဥပုသ်သည် ၂ ဦး သေဆုံးသွားခြင်းက မင်းအောင်လှိုင်ဟာ ဘာကိုမှမရှောင်တဲ့ မင်းအောင်လှိုင်ဖြစ်ကြောင်း သက်သေပါပဲ။

အခု ဝမ်ယိ ပြောလိုက်တဲ့ တရုတ်ရဲ့ မျှော်လင့်ချက်ဟာ စစ်ကော်မရှင်ကို ဖိအားတရပ် ပေးလိုက်တာလို့ အကဲခတ်တချို့က ရှုမြင်ကြပေမဲ့ အာဏာသိမ်းပြီးနောက် စစ်အုပ်စုနဲ့ တရုတ်ကြား ဆက်ဆံရေးကို နောက်ကြောင်းပြန်ကြည့်ရင် မင်းအောင်လှိုင်ဟာ ဘယ်သူ့ဖိအားကိုမှ လက်မခံဘဲ သူ့လမ်းသူ ဖြောင့်ဖြောင့်တန်းတန်းလျှောက်နေတာ တွေ့ရပါမယ်။ မင်းအောင်လှိုင်လမ်း ဆိုတာက မတရားအာဏာတည်မြဲရေးလမ်း။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို မြန်မာ့နိုင်ငံရေး ပလက်ဖောင်းပေါ်ကနေ လုံးဝရှင်းပစ်ကာ ဒီမိုကရေစီ အနံ့ထည့်ထားတဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးလမ်း။

အဲဒီလမ်းပေါ်မှာ မင်းအောင်လှိုင်က ဖြစ်ချင်ရာဖြစ် မထူးဇာတ်ခင်းပြီး လျှောက်တယ်။ ၂၀၂၁ ခုနှစ်၊ ဧပြီမှာ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် ထွက်လာတော့ တရုတ်အစိုးရကလည်း နိုင်ငံတကာအသိုက်အဝန်းနဲ့အပြိုင် ချက်ချင်းထောက်ခံပစ်ခဲ့တယ်။ ပြောရရင် တကမ္ဘာလုံးနဲ့ တယောက် ဘဝမှာတောင် မူ ၅ ရပ်ကို အတည်ပြုကြောင်း မင်းအောင်လှိုင် လက်မှတ်ထိုးပြီး နောက်တရက်ကစလို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ဆက်လက်ဓားရေးပြခဲ့တာ ဒီနေ့ထိပါပဲ။

ဆိုဆုံးမလို့ မရ၊ ညှိလို့ နှိုင်းလို့လည်း မရတဲ့ မင်းအောင်လှိုင်ကို မြန်မာ့အရေး ခြံစည်းရိုးပေါ် ကားရားကြီး ခွထိုင်နေတဲ့ တရုတ်က စိမ်းစိမ်းကြီး စိုက်ကြည့်ခဲ့ပေမဲ့ မင်းအောင်လှိုင်ကတော့ ဝတ္တရားမပျက် ပြည်သူကို ဆက်လက်သတ်ကာ သူ့အလုပ်သူ ဆက်လုပ်တယ်။

ဒါနဲ့ တရုတ်အစိုးရက တထစ်လျှော့ကာ မြန်မာ့အရေး တရုတ်ဆေးမြီးတိုတဖုံကို ချပြတယ်။ မင်းအောင်လှိုင်လည်း ရွေးကောက်ပွဲလုပ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး NLD ပါတီလည်း ရွေးကောက်ပွဲဝင်စေ ဆိုတဲ့လမ်း။ မင်းအောင်လှိုင်က မသိချင်ယောင်ဆောင်ကာ ဆက်ပယ်ချလိုက်ပြန်တယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း ပုဂံမှာပြုလုပ်တဲ့ လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာတက်ပေမဲ့ မင်းအောင်လှိုင်ကို အဖက်လုပ် တွေ့ဆုံခဲ့ခြင်းမရှိ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း ပေကျင်းမှာ ကျင်းပတဲ့ တတိယအကြိမ် ပိုးလမ်းမဖိုရမ်ကို မင်းအောင်လှိုင် တက်ချင်လိုက်တာ ရူးမတတ်ပေမဲ့ တရုတ်က အဖက်လုပ် မဖိတ်။

စစ်အုပ်စုဂိုဏ်းသား ကိုးကန့်ခေါင်းဆောင် ပယ်ဆောက်ချိန်တို့တသိုက် လောက်ကိုင်မှာ ဇောင်းကြွနေတဲ့ ကျားဖြန့်ပြဿနာကို ရှင်းပေးဖို့ တရုတ်ရဲ့ ရာဇသံကိုလည်း မင်းအောင်လှိုင် မသိချင်ယောင်ဆောင်နေပြန်တော့ ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး တရုတ် ထိုင်ကြည့်နေလိုက်တယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီး သိပ်မကြာ။ ရှမ်းမြောက်ဒေသ မြို့ပေါင်း ၁၆ မြို့နဲ့ တပ်စခန်းများစွာကို ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ သိမ်းပိုက်ပြလိုက်တဲ့အခါ မင်းအောင်လှိုင်က သူ့မျက်နှာပေါ် ကျလာတဲ့ မီးပွားတွေကို ခါချဖို့ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ လုပ်ခိုင်းတော့တယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်၊ ရန်ကုန်မြို့တော်ခန်းမနဲ့ တရုတ်သံရုံးရှေ့မှာ ညီနောင် ၃ ဖွဲ့နဲ့ PDF တွေကို တရုတ်လက်နက်ထောက်ပံ့နေတယ်လို့ စစ်ကျွန်မျိုးချစ်တွေ အော်ဟစ်စွပ်စွဲ ဆန္ဒပြခဲ့တယ်။

တဆက်တည်းမှာပဲ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေကို ပေကျင်းလွှတ်ကာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ရှေ့မှောက် ဒူးထောက်၊ ရှမ်းမြောက်ဒေသ စစ်ပွဲများရပ်ရေး တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိအားပေးဖို့ ခယ။ အသွားနှစ်ဖက်ပါတဲ့ ဒီပလိုမေစီ။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ မှာ ရှမ်းမြောက်ဒေသ ယာယီအပစ်ရပ် ဟိုင်ဂင်သဘောတူညီချက် ထွက်ပေါ်လာ၊ စစ်ကောင်စီ ပြန်ပေးလိုက်ရတာက စစ်အုပ်စုဝင် ကိုးကန့်ခေါင်းဆောင် ပယ်ဆောက်ချိန် တို့တသိုက်ကို တရုတ်လက် ထိုးအပ်လိုက်ရခြင်းပါပဲ။

အဲဒီအချိန်ထိ တရုတ်ဟာ ခြံစည်းရိုးပေါ် ကျကျနနထိုင်ကာ သူ့အကျိုးစီးပွားအတွက် ရတဲ့ဘက်ကနေ ရသလို အမြတ်ထုတ်ဖို့သာ ချောင်းမြောင်းနေဆဲ။ ကိုယ့်ဘဝပေး ကိုယ် မသိသေးတဲ့ မင်းအောင်လှိုင်က ယုံကြည်မှုလွန်ကဲစွာနဲ့ ရှမ်းမြောက်မှာ ကျည်စဖောက်ပြန်တော့ ဟိုင်ဂင်သဘောတူညီချက် ကျိုးပျက်။ ၂၀၂၄၊ ဇွန် ၂၅ ရက်မှာ ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီဖြစ်ကြောင်း ကြေညာကာ TNLA က စတင်ထိုးစစ်ဆင်ပြီး မကြာ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲနဲ့ ရှမ်းမန်းစစ်ဆင်ရေးက စဉ့်ကူးမြို့နယ်။ ဩဂုတ် ၃ ရက်မှာ သံမဏိသားလို မာကျောလှပါတဲ့ဆိုတဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုပါ MNDAA နဲ့ မဟာမိတ်တွေ မြေလှန်ပစ်ကာ လားရှိုးမြို့ကို သိမ်းပိုက်လိုက်ချိန်မှာတော့ တရုတ်ကြီး ရှော့ခ်ရသွားတယ်။

သိပ်မကြာခင် စစ်တပ်ရဲ့ အသည်းနှလုံး ပြင်ဦးလွင်။ ပြင်ဦးလွင် ပြီးရင် မြန်မာ့ဒုတိယမြို့တော် မန္တလေး၊ မန္တလေးသာ ပွဲပြီးသွားရင် နေပြည်တော် ဆိုတာလည်း သိပ်မဝေးတော့မှန်း တရုတ်ကြီး ကောင်းကောင်းသိတယ်။ စစ်တပ်အလွန်ကာလ တိုင်းပြည်ပျက်မယ်လို့လည်း တရုတ်က တထစ်ချ ယုံကြည်နေတယ်။ တိုင်းပြည် မပျက်ခဲ့ရင်တောင် အဖွဲ့ပေါင်းများစွာ၊ သေနတ်ပေါင်းများစွာနဲ့ မတည်ငြိမ်မှုတွေ ဆက်လက်အဓွန့်ရှည်မယ်လို့ ယုံကြည်တဲ့ပုံ။ နေပြည်တော် ဗဟိုပြု စဉ်းစားမှုအထိုင်ကနေ ဖောက်ထွက်ဖြန့်ကြက်ခြင်း မရှိ။ ဒါကြောင့် မြန်မာ့မြေပေါ်က သူတို့ရဲ့ အကျိုးစီးပွားတွေအတွက် ခြံစည်းရိုးပေါ်ကနေ ပျာပျာယာယာ ဆင်းချလာကာ စစ်ကောင်စီကို အပြည့်အဝ ထောက်ခံကြောင်း ကြေညာခဲ့တယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ၂၀၂၄၊ ဩဂုတ် ၁၄ ရက် နေပြည်တော်ခရီးစဉ်မှာ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံကြောင်းနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲအတွက် လိုအပ်တာ ကူညီမယ်လို့ အတိအလင်း ပြောကြားလိုက်တယ်။ အာဆီယံမူ ၅ ရပ်ကို ထောက်ခံပါတယ် ဆိုတဲ့ တရုတ်၊ အာဆီယံမူ ၅ ရပ်နဲ့ ဆန့်ကျင်ဘက် စစ်ကောင်စီဘက် ပုံအောရပ်တည်လိုက်ခြင်းက နိုင်ငံကြီးတနိုင်ငံဖြစ်တဲ့ တရုတ်ဟာ လိုအပ်လာရင် နိုင်ငံရေးဂုဏ်သိက္ခာ ကင်းမဲ့စွာနဲ့ ကိုယ့်မျက်နှာကိုယ် တံတွေးနဲ့ထွေးဖို့ ဝန်မလေးကြောင်း ကမ္ဘာကို သက်သေပြလိုက်ခြင်းလည်း ဖြစ်တယ်။

ဝမ်ယိက မြန်မာ့အရေး စည်း ၃ ချက် တားပြတယ်။ မြန်မာမှာ ပြည်တွင်းစစ်ဖြစ်ပွားလို့ မရ၊ မြန်မာဟာ အာဆီယံနဲ့ ကင်းကွာလို့မရ၊ ပြင်ပအင်အားစုတွေ ထင်သလို စိမ့်ဝင်စွက်ဖက်မှုကို ခွင့်ပြုလို့မရ ဆိုပြီး မြန်မာဟာ တရုတ်ရဲ့ လက်ဝေခံနိုင်ငံပမာ။ မြန်မာ့အရေးကို တရုတ် တနိုင်ငံတည်းကသာ ဝင်ရောက်စွက်ဖက်ခွင့်ရှိတယ်လို့ မျက်နှာပြောင်တိုက် ကြေညာလိုက်ခြင်းလည်း ဖြစ်တယ်။

အဲဒီနောက် စစ်ကောင်စီ မပြိုလဲရေးအတွက် တရုတ်အစိုးရက ဓာတ်ကြမ်းတိုက် ရမ်းကား။ TNLA ထံ လမ်းဘေးလူမိုက်ပုံစံနဲ့ ပစ်စာပို့ကာ တိုက်ပွဲချက်ချင်းမရပ်ရင် ဆုံးမမယ်လို့ တရုတ်အစိုးရ ခြိမ်းခြောက်။ MNDAA ကို လားရှိုးကနေ ပြန်ဆုတ်ပေးဖို့၊ NUG နဲ့ မပတ်သက်ဖို့၊ ဖြတ်ငါးဖြတ် စစ်ဆင်ရေးတင်မက MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကိုလည်း ပြန်ပေးဆွဲကာ အကျပ်ကိုင်။ တော်လှန်ရေးရဲဘော်တွေ အသက်များစွာပေးပြီးမှ သိမ်းပိုက်နိုင်ခဲ့တဲ့ လားရှိုးမြို့ကို သေနတ်တချက် ဖောက်စရာမလိုဘဲ စစ်အုပ်စုလက်ထဲ ထိုးအပ်လိုက်ရတဲ့အထိ MNDAA အညံ့ခံခဲ့ရတယ်။

အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ တရုတ်ရဲ့ မြန်မာ့ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုက ဩဂုတ် ၂၀ ရက်မှာ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရဲ့ ဖွင့်ဟဝန်ခံချက်။ ဩဂုတ် ၂၀ မှာ UWSP ဒုဥက္ကဋ္ဌက သူတို့ရဲ့ ရှမ်းမြောက်မဟာမိတ်တွေဖြစ်တဲ့ တအာင်းတပ် TNLA၊ ကိုးကန့်တပ် MNDAA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တာဝန်ရှိသူတွေကို ပန်းဆန်းသို့ ဖိတ်ခေါ်တွေ့ဆုံပြီး တရုတ်ရဲ့ ပြင်းထန်တဲ့ ဖိအားဒဏ်ကို မခံနိုင်တော့တာကြောင့် လက်နက်နဲ့ ငွေကြေးအကူအညီတွေ ပေးတော့မှာမဟုတ်ကြောင်း ပြောကြားခဲ့တယ်။

အဲဒီတွေ့ဆုံပွဲမှာ တရုတ်ရဲ့ လည်မျိုညှစ် ခြိမ်းခြောက်အကျပ်ကိုင်မှုတွေကို ထုတ်ဖော်ခဲ့တာဟာ တရုတ်အပေါ် မကျေနပ်တဲ့ UWSA ရဲ့ စိတ်ဓာတ်နဲ့ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေကြောင်း ဖော်ပြလိုက်ခြင်းဖြစ်သလို နွေဦးတော်လှန်ရေးမှာ UWSA ရဲ့ ပါဝင်ခဲ့မှုနဲ့ မပါဝင်နိုင်တော့တဲ့ အခြေအနေကို နားလည်မှုပေးကြဖို့ UWSA က ပြောကြားလိုဟန်တူတယ်။

ပြောရရင် တရုတ်ဟာ သူ့ရဲ့လိုဘနဲ့ ဆန့်ကျင်လာရင် ဘယ်သူ့ကိုမဆို နင်းချေဖို့ ဝန်မလေးကြောင်း တရုတ်နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေက လက်တွေ့ သိရှိနာကျင်နေရခြင်း ဖြစ်တယ်။ ဩဂုတ် ၂၇ ရက်၊ တရုတ်အစိုးရရဲ့ အစီအစဉ်နဲ့ ကူမင်းမှာပြုလုပ်တဲ့ TNLA နဲ့ စစ်ကော်မရှင်ရဲ့ ဆွေးနွေးပွဲဟာ ဘာရလဒ်မှမထွက်ဘဲ ပြီးဆုံးခဲ့တာကြောင့် ရှေ့သို့ချီနေတဲ့ TNLA အပေါ် တရုတ်ရဲ့ မုန်ယိုမှုတွေ ပိုကျရောက်လာနိုင်သလို KIA အပေါ်လည်း ပြင်းထန်တဲ့ ဖိအားပေးမှုတွေ ဆက်လက် လုပ်ဆောင်လာနိုင်ပါတယ်။

တရုတ်ရဲ့ လတ်တလော မြန်မာ့အရေး ဝင်ရောက်စွက်ဖက်မှုက စစ်အုပ်စုကို တိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိအားပေး အကျပ်ကိုင်ကာ တိုက်ပွဲများ ရပ်စဲရေးဖြစ်ပြီး တရုတ်ရဲ့ ပြင်းထန်တဲ့ ဖိအားအောက်မှာ MNDAA ငြိမ်ကျသွားကာ၊ UWSA က ဘာမှ မကူညီနိုင်တော့ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့တာဟာ တရုတ်ကြိမ်လုံးရဲ့ လက်တွေ့အောင်မြင်မှုပါပဲ။ အဲဒီလို ဖိအားပေးမှုတွေနဲ့ တပြိုင်နက်မှာပဲ စစ်အုပ်စုကို လက်နက်ခဲယမ်းတွေ ထောက်ပံ့ကာ အသိမ်းခံထားရတဲ့ နယ်မြေတွေ ပြန်လည်ရယူနိုင်ရေးအတွက် တွန်းအားပေး။ လက်ရှိမှာ ရှမ်းမြောက်၊ ကရင်နီနဲ့ စစ်ကိုင်းတိုင်းအတွင်းက နယ်မြေတချို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်နိုင်ခြင်းနဲ့ စစ်မျက်နှာအသီးသီးမှာ တော်လှန်ရေးတပ်တွေ ရှေ့မတိုးနိုင် ဖြစ်နေခြင်းက စစ်တပ်ရဲ့ လတ်တလော ဦးမော့လာမှုကို ဖော်ပြနေပါတယ်။ ဒါကို နောက်တမျိုး ပြောရရင် ဒုတိယအကျော့ ၁၀၂၇ စစ်ဆင်ရေးမှာ အရေးပေါ်ခန်းထဲ ရောက်သွားတဲ့ စစ်အုပ်စုကို တရုတ်က ပြန်ကယ်ထုတ်လိုက်နိုင်ခြင်းလည်း ဖြစ်တယ်။

ဒါ့အပြင် စစ်ကော်မရှင် ကျန်းမာသန်စွမ်းလာရေးအတွက် တရုတ်ကြီး ဆက်လက်ပံ့ပိုးသွားမှာလည်း သေချာတယ်။ ဩဂုတ် ၁၄ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဆိုတာ ရွေးကောက်ပွဲအလွန်ကာလမှာ တော်လှန်ရေးအင်အားစုတွေ ခြွင်းချက်မရှိ လက်နက်ချကာ စစ်အုပ်စုလမ်းပေါ် ခေါင်းငိုက်စိုက် လျှောက်လှမ်းရေးပဲ ဖြစ်တယ်။

အဲဒီအတွက် မင်းအောင်လှိုင် ရေရွတ်နေလေ့ရှိတဲ့ ရွေးကောက်ပွဲကို အမှန်တကယ် ဖြစ်မြောက်လာအောင် တရုတ်က တွန်းတင်ပေးနေတယ်။ မင်းအောင်လှိုင် ဆိုတာ နိုင်ငံရေးအမြင် သုညသာရှိပြီး ဘာရုပ်မှ မပေါက်မှန်း သိပေမဲ့ ရှီကျင့်ဖျင် ပေကျင်းအထိ ခေါ်ကာ လက်ဆွဲနှုတ်ဆက်ခဲ့တယ်။ ကမ္ဘာပေါ်မှာ အာဏာရှင်တွေ အဓွန့်ရှည်ရေးအတွက် အာဏာရှင် နိုင်ငံကြီးတွေက လက်တွေ့ကျတဲ့ ပံ့ပိုးမှုတွေနဲ့ အထောက်အပံ့ပြုကြတယ်။

ကမ္ဘာ့ဒီမိုကရေစီအင်အားစုတွေကတော့ မြန်မာ့နွေဦးအပေါ် သံတမန်ရေး အထောက်အပံ့ကလွဲလို့ လက်တွေ့ကျတဲ့ ငါးပြားတစေ့တောင် ကျမလာသေးတာ အရှိတရားပါပဲ။ အခု နွေဦးတော်လှန်ရေးဟာ စစ်အုပ်စုတင်မက တရုတ်ကိုပါ တိုက်နေရတယ်ဆိုတာ အားလုံးက လေးနက်ကြဖို့ လိုပါမယ်။ မြန်မာ့နွေဦးဟာ တရုတ်ရဲ့ စွက်ဖက်မှုတွေကြောင့် ခပ်ပျပျ မြင်နေရတဲ့ ရောင်နီဟာ တဖြည်းဖြည်း နောက်ဆုတ်နေကြောင်း ခပ်ရဲရဲ မြင်ထားကြဖို့လည်း လိုပါမယ်။

တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေနဲ့ NUG၊ PDF ကြား တပ်ပေါင်းစုအဖြစ် ချွန်းမဖွင့်နိုင်ရင် ရှေ့ဆက် ခက်လာပါလိမ့်မယ်။

မင်းအောင်လှိုင်က မတရားအာဏာသက်ဆိုးရှည်ရေးအတွက် တရုတ်လက်ထဲ တိုင်းပြည်ကို ထိုးအပ်ဖို့ ဝန်မလေးသလို တရုတ် လိုချင်နေတာကလည်း အဲဒီလို ကိုယ့်တိုင်းပြည်မျက်နှာ မကြည့်တဲ့ ရက်ရောမှုမျိုးပါပဲ။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024