
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဟိုပန်နဲ့ ပန်လုံမြို့တွေမှာ အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာ၊ လူထုစည်းရုံးရေးဆင်းတာတွေ ပြုလုပ်တာကိုတွေ့ရင် ‘ဝ’ တရားစီရင်ရေးဌာနကို တိုင်ကြားနိုင်တယ်လို့ ‘ဝ’ သတင်းဌာနတခုဖြစ်တဲ့ ‘ဝ’ လူငယ်အသံက ဖော်ပြပါတယ်။
စက်တင်ဘာ ၄ ရက်က ပြုလုပ်ခဲ့တဲ့ လူထုအစည်းအဝေးပွဲမှာ တာဝန်ရှိသူတွေက အဲဒီလိုပြောတာ ဖြစ်ပါတယ်။
တခြားအဖွဲ့အစည်း၊ ပါတီတွေက မဲထည့်ဖို့ လာစည်းရုံးတာ၊ အခကြေးငွေပေးပြီး မဲဆွယ်စည်းရုံးရေး လာလုပ်တာတို့ တွေ့ရင် တိုင်ကြားဖို့ အသိပေးတယ်လို့ လူထုအစည်းအဝေး တက်ခဲ့သူတယောက်က ပြောပါတယ်။
ဒါ့အပြင် ‘ဝ’ တပ် အုပ်ချုပ်တဲ့ နေရာတိုင်းမှာ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တခုပဲရှိပြီး တခြားပါတီတွေ မရှိကြောင်း၊ မဲပုံးထောင်ခွင့်လည်း မပြုထားကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ကတော့ သူတို့လုပ်မယ့် ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်တွေကို ကြေညာထားရာမှာ UWSA ထိန်းချုပ်နယ်မြေအပြင် တခြားတိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်နယ်မြေနဲ့ တော်လှန်ရေးအင်အားစု သိမ်းပိုက်နယ်မြေတွေလည်း ပါဝင်နေပါတယ်။
ကေခိုင်