
မြန်မာနိုင်ငံမှာ ၂၀၂၅ ဒီဇင်ဘာ ၂၈ ရက် ကနေ ၂၀၂၆ ဇန်နဝါရီလလယ်အထိ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ကျင်းပတော့မှာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ မေးခွန်းကတော့ ဒီရွေးကောက်ပွဲရလဒ်ကို ကမ္ဘာ့အသိုက်အဝန်းက လက်ခံပါ့မလား ဆိုတာပါပဲ။
စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မသမာမှုအငွေ့အသက်တွေ ရှိနှင့်နေပြီးသားပါ။ မြန်မာစစ်တပ်ဟာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးကို အလုံးစုံ ချုပ်ကိုင်ထားဆဲပါပဲ။ ဒါပေမဲ့ နိုင်ငံအလယ်ပိုင်းက မြို့ပြဒေသတွေရဲ့ အပြင်ဘက်မှာတော့ နယ်မြေအများအပြားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်က မဲပေးခြင်းလုပ်ငန်းစဥ်တွေ လုပ်ဆောင်နိုင်ဖို့အတွက် မဲပေးစက်တွေ သုံးမယ်လို့ ကြေညာထားပါတယ်။ ဒါပေမဲ့ လုံခြုံရေးနဲ့ သွားရေးလာရေး ခက်ခဲတာကြောင့် မဲပေးသူအရေအတွက် နည်းပါးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
လာမယ့် ရွေးကောက်ပွဲကို မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၆၇ မြို့နယ်မှာ ကျင်းပသွားမှာ လို့ ဆိုပါတယ်။ တနည်းပြောရရင် တိုင်းပြည်ရဲ့ ၈၀ ရာခိုင်နှုန်းမှာ ကျင်းပဖို့ဖြစ်ပါတယ်။ ( ဒါပေမဲ့ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမှာဖြစ်ပြီး ပထမပိုင်းကို မြို့နယ် ၁၀၂ မြို့နယ်မှာပဲအရင် ကျင်းပမယ်လို့ ကြေညာထားတာပါ။)
စစ်အုပ်စုဟာ သူတို့ဆုံးရှုံးသွားတဲ့ နယ်မြေတွေနဲ့ စစ်အုပ်ချုပ်ရေးအောက်က ဒေသတွေကို ပြန်လည်ရရှိဖို့ ကြိုးစားနေတာကြောင့် ဒီအရေအတွက်ဟာ တိုးများလာနိုင်ပါသေးတယ်။
၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ မြန်မာ့လွှတ်တော်ထဲမှာ အမတ်နေရာအားလုံးရဲ့ ၂၅ ရာခိုင်နှုန်းက စစ်တပ်အတွက် သီးသန့်ဖြစ်နေပါတယ်။ ဒါကြောင့် စစ်ကောင်စီအတွက် အမတ် ၁၆၆ နေရာက အလိုလိုရပြီးသား ဖြစ်နေပါတယ်။
ဒါကြောင့် ဟန်ပြအရပ်သားအစိုးရဖွဲ့နိုင်ဖို့အတွက် စစ်အုပ်စုရဲ့ လက်ဝေခံပါတီဟာ အမတ်နေရာ ၄၉၈ နေရာအနက် ၁၆၇ နေရာပဲ အနိုင်ရဖို့လိုတာပါ။ ဒါဟာ ရွေးကောက်ခံရမယ့် အမတ်နေရာစုစုပေါင်းရဲ့ သုံးပုံတပုံကျော်ကျော်ပဲ ရှိပါတယ်။
ပြည်ပရောက် မြန်မာအလုပ်သမားတွေကို ကြိုတင်စာရင်းပေးထားရင် မဲပေးခွင့်ပြုမယ်ဆိုတဲ့ အချက်က စိတ်ဝင်စားစရာကောင်းနေပါတယ်။
ဒီလုပ်ငန်းစဥ်ကို ပြီးခဲ့တဲ့အပတ်က စတင်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၇ ရက်အထိ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပြည်ပရောက်အလုပ်သမားတွေက စစ်အုပ်စုရဲ့ သံရုံးအရာရှိတွေဆီမှာ သူတို့ရဲ့နေရပ်လိပ်စာတွေကို ဖော်ပြပြီး စာရင်းပေးပါ့မလားဆိုတာကတော့ သံသယဖြစ်စရာပါပဲ။
ရွှေ့ပြောင်းလုပ်သားတော်တော်များများဟာ ပိုကောင်းတဲ့အလုပ်နဲ့ အခွင့်အလမ်းတွေ ရဖို့ဆိုပြီး ပြည်ပကို ထွက်ခွာသွားကြသူတွေဖြစ်ပါတယ်။ သူတို့အများစုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ အတိုက်အခံပါတီတွေကို ထောက်ခံသူတွေ ဖြစ်ကြပါတယ်။
အချိန်ဇယားအရတော့ အစိုးရဖွဲ့ဖို့ ရက် ၉၀ အချိန်ပေးထားပေမဲ့ လွှတ်တော်အသစ်ကို ဖေဖော်ဝါရီလမှာ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ အစိုးရသစ်ကိုတော့ မတ်လမှာ ဖွဲ့စည်းမှာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သမ္မတ၊ လက်ရှိ SAC ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စိုးဝင်းက ဒုသမ္မတ ဖြစ်လာနိုင်ပါတယ်။ ဒါဟာ ပုလင်းအသစ်ထဲကို အောက်သိုးသိုး အနံ့ထွက်နေတဲ့ ဝိုင်အဟောင်း ထည့်လိုက်သလိုပါပဲ။
ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ နောက်ဆုံးအခြေအနေတွေကို ၁၀ ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ထိုင်းနိုင်ငံမှ မာရစ် ဆန်ဂီအမ်ပွန်ဆာ၊ ကမ္ဘောဒီးယားမှ ပရက်ဆိုဖွန်နဲ့ မြန်မာနိုင်ငံမှ သန်းဆွေတို့ဟာ ယူနန်ပြည်နယ်၊ အန်းနင်မြို့မှာ မကြာခင်ကကျင်းပခဲ့တဲ့ အထူးအစည်းအဝေးတခုမှာ ပြောခဲ့ကြပါတယ်။
အဲ့ဒီအစည်းအဝေးမှာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်နိုင်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံဟာ ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခနဲ့ အာဆီယံ ရဲ့ အခန်းကဏ္ဍကို အထူးစိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ နောက်ဆုံးတိုးတက်မှုတွေနဲ့ ပြင်ဆင်မှုတွေကို စက်တင်ဘာ ၁၉ ရက်မှာ အာဆီယံဥက္ကဋ္ဌအပါအဝင် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ မြန်မာစစ်အစိုးရက ဆွေးနွေးမယ်လို့ သိရပါတယ်။
ဒါဟာ မြန်မာနိုင်ငံရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကျယ်ပြန့်တဲ့ ခြုံငုံသုံးသပ်ချက်တခုကို ပေးနိုင်ဖို့ အရေးပါတဲ့ အချိန်တခု ဖြစ်လာပါလိမ့်မယ်။
အာဆီယံအနေနဲ့ကတော့ ရွေးကောက်ပွဲရလဒ်ရဲ့ တရားဝင်မှုကို အာမခံမယ့် စည်းမျဉ်းစည်းကမ်း၊ ကြီးကြပ်မှုတချို့ကို သိထားဖို့လိုအပ်ပါတယ်။
တကယ်တော့ အာဆီယံဟာ အကျပ်အတည်းနှစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။ ပထမတခုက အာဆီယံဟာ တခြားနိုင်ငံတွေနဲ့အတူ လေ့လာသူတွေ စေလွှတ်ချင်သလားဆိုတဲ့ အချက်ကို ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ နိုင်ငံတကာ လေ့လာရေးအဖွဲ့တချို့ကို ရရှိထားပြီးဖြစ်ပါတယ်။ အာဆီယံလေ့လာရေးအဖွဲ့ဟာ နိုင်ငံတကာလေ့လာသူတွေအတွက် စံပြအဖြစ် ဆောင်ရွက်မှာဖြစ်လို့ အရေးအပါဆုံး ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။
ဒုတိယအကျပ်အတည်းကတော့ ပွင့်လင်းမြင်သာမှုလည်းမရှိ၊ တရားမျှတမှုလည်းမရှိဘူးလို့ ကြိုတင်ခန့်မှန်းထားကြတဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲရလဒ်အပေါ် အာဆီယံက ဘယ်လိုသဘောထားမလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။
နေပြည်တော်မှာကျင်းပမယ့် အစည်းအဝေးမှာ အာဆီယံက လာမယ့်ရွေးကောက်ပွဲတွေအတွက် တိကျတဲ့ အကာအကွယ်တွေ၊ ရွေးကောက်ပွဲမတိုင်ခင် သင့်တင့်လျောက်ပတ်တဲ့ ပတ်ဝန်းကျင်တခုကို မြင်တွေ့ချင်နေပါတယ်။
ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အချက်ငါးချက် (အာဆီယံဘုံသဘောတူညီချက် ၅ ရပ်) ကို အပြည့်အဝအကောင်အထည်ဖော်ဖို့အပြင် အာဆီယံဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်တောင်းနေခဲ့ပါတယ်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြားနိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွှတ်ပေးဖို့ အဆက်မပြတ် တောင်းဆိုနေခဲ့ပါတယ်။
ဒါ့အပြင် အာဆီယံဟာ ကုလသမဂ္ဂအထူးအေဂျင်စီတွေရဲ့ အကူအညီနဲ့ ပဋိပက္ခဒဏ်ခံရသူ အားလုံးအတွက် လူသားချင်းစာနာမှုအကူအညီပေးရေးဒေသတွေမှာ သွားရောက်ခွင့်ရဖို့ တိုးချဲ့ပေးစေလိုပါတယ်။
စစ်အုပ်စုရဲ့ အချက် ၅ ချက်ပါတဲ့ လမ်းပြမြေပုံအရ အချိန်ဇယားဟာ အစီအစဉ်တကျရှိပုံ ပေါ်ပါတယ်။
အန်းနင်မြို့မှာတော့ မြန်မာစစ်ခေါင်းဆောင်တွေဟာ “အာဆီယံရဲ့ အချက် ၅ ချက်ကို လိုက်နာတယ်ဆိုတာ နိုင်ငံရေးအရ ပုံမှန်အခြေအနေပြန်ရောက်ဖို့ ခြေလှမ်းတရပ် ဖြစ်တယ်”လို့ အခိုင်အမာပြောခဲ့ပါတယ်။
အဲဒီလို ကတိက၀တ်တွေပေးနေပေမဲ့ လက်တွေ့အခြေအနေဟာ ပိုပြီးရှုပ်ထွေးနေပါတယ်။ အခန့်မသင့်ရင် ဒီရွေးကောက်ပွဲတွေကို မှောက်လှန်ပစ်နိုင်ပါတယ်။
ဥပမာအားဖြင့်၊ နိုင်ငံအနောက်မြောက်ပိုင်းက ရက္ခိုင့်တပ်တော် (AA) ဟာ တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာနိုင်ပါတယ်။
ဒီအတောအတွင်းမှာပဲ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ ရခိုင်ပြည်နယ်အနောက်ပိုင်းက မြို့နယ် ၃ မြို့နယ်မှာပဲ ရွေးကောက်ပွဲကျင်းပမယ်လို့ ဆိုပါတယ်။
တနိုင်ငံလုံးအဆင့်မှာတော့ နိုင်ငံရေးပါတီ ၉ ခုက ဝင်ပြိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ ပါတီ ၆ ပါတီလောက်ကပဲ တရားဝင်ယှဉ်ပြိုင်ခွင့်သတ်မှတ်ချက်တွေနဲ့ ကိုက်ညီနိုင်ခြေရှိပါတယ်။ အဲ့ဒီပါတီတွေအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ အင်အားအကြီးဆုံးနဲ့ အတွေ့အကြုံအရှိဆုံး နိုင်ငံရေးပါတီဖြစ်ပါတယ်။ တခြားပါတီတွေကတော့ ပြည်နယ်နဲ့တိုင်း ဒေသကြီး အဆင့်မှာပဲဝင်ပြိုင်ကြမှာဖြစ်ပါတယ်။ (အဲဒီရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ ပါတီမှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ၆၁ ပါတီ ရှိပါတယ်)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလို လမ်းကြောင်းအတိုင်းလိုက်ဖို့ ကြံစည်နေပါတယ်။ အဲ့ဒီရွေးကောက်ပွဲက ဗိုလ်ချုပ် သိန်းစိန်ကို သမ္မတဖြစ်လာစေခဲ့ပြီး တိုင်းပြည်ကို ပါတီစုံစနစ်နဲ့ ဒီမိုကရေစီလမ်းကြောင်း ဖွင့်လှစ်ပေးခဲ့ပါတယ်။
အစပိုင်းမှာတော့ နိုင်ငံတကာအသိုက်အဝန်းဟာ ၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို ရှုတ်ချခဲ့ကြပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်အောက်မှာ စစ်တပိုင်းအစိုးရဟာ ပြုပြင်ပြောင်းလဲရေးသမားဖြစ်တဲ့ ဗိုလ်ချုပ် သိန်းစိန်ကို ခန့်အပ်ပြီး လူတိုင်းကို အံ့အားသင့်စေခဲ့ပါတယ်။
အနည်းငယ် လွတ်လပ်ပွင့်လင်းလာတာနဲ့အမျှ ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ ဒီမိုကရေစီလိုလားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း နိုင်ငံရေးလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ ၂၀၂၁ မှာ စစ်တပ်အာဏာမသိမ်းခင်အထိ NLD ဟာ မြန်မာ့နိုင်ငံရေးကို ပထမဆုံးအကြိမ်လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေ့မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ၂၀၀၁၀ တုန်းက နိုင်ငံရေးအခြေအနေဟာ လုံးဝမတူတော့ဘူးဆိုတာ သိထားရမှာပါ။ အဲ့ဒီ ၂၀၁၀ တုန်းက စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ကြီးမားတဲ့ တိုက်ပွဲတွေမဖြစ်ပွားခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုတာလည်း မပေါ်ပေါက်သေးပါဘူး။ နောက်ပြီး ပြည်သူတွေဟာလည်း စစ်တပ်ကို အခုလောက် ရွံမုန်းနေတာမျိုး မရှိသေးပါဘူး။
စစ်အုပ်စုကတော့ သူတို့ရွေးကောက်ပွဲကို မသမာမှုတွေ၊ ဝေဖန်မှုတွေ ရှိနေတယ်ဆိုရင်တောင် ဒီသတင်းဟာ အချိန်တန်ရင် ပျောက်ကွယ်သွားမယ်လို့ ယုံကြည်နေပါတယ်။ မကြာခင်မှာပဲ မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြမှာဖြစ်ပြီး တခြားနိုင်ငံတွေရဲ့ မသမာတဲ့ ရွေးကောက်ပွဲတွေလိုမျိုး အချိန်တန်ရင် အသိအမှတ်ပြုခံရမှာလို့ စစ်အုပ်စုက တွက်ထားပါတယ်။
စစ်အုပ်စုဟာ ပြောင်းလဲနေတဲ့ ပထဝီနိုင်ငံရေးအခင်းအကျင်းနဲ့ ကုန်သွယ်ရေးစစ်ပွဲကနေတဆင့် အကျိုးအမြတ်တွေ ရရှိလာနိုင်ပါတယ်။ ဥပမာ၊ သမ္မတ ထရမ့်ပ်က မင်းအောင်လှိုင်ဆီကို အကောက်ခွန်တိုးမြှင့်မှုနဲ့ပတ်သက်ပြီး စာတစောင်ရေးပို့ခဲ့ပါတယ်။ ဒါဟာ မြေရှားသတ္တုလိုမျိုး လက်တွေ့ကျတဲ့ စီးပွားရေးကိစ္စတွေမှာ ထိတွေ့ဆက်ဆံမှုရှိနေတယ်ဆိုတဲ့ လက္ခဏာပဲဖြစ်ပါတယ်။
နောက်ပြီး သတိပြုသင့်တာကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ကမ္ဘာတဝန်းက အမေရိကန်သံတမန်တွေကို “တခြားနိုင်ငံကကျင်းပတဲ့ ရွေးကောက်ပွဲတွေရဲ့ တရားမျှတမှု၊ မှန်ကန်မှုအပေါ်မှာ ဘာမှတ်ချက်မှ မပေးကြ” ဖို့ ဇူလိုင်လမှာ ညွှန်ကြားခဲ့ပါတယ်။ ဒါကြောင့် လာမယ့် မြန်မာ့ရွေးကောက်ပွဲမှာ အာဆီယံရဲ့အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။
မလေးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌဖြစ်လာပြီးတဲ့နောက် အာဆီယံရဲ့အခန်းကဏ္ဍဟာ ပိုမိုခိုင်မာလာပါတယ်။ အာဆီယံမိသားစုရဲ့ လေးစားထိုက်တဲ့အဖွဲ့ဝင်တဦးအဖြစ် ပြုမူနေထိုင်မယ်ဆိုရင် အကျိုးအမြတ်ရနိုင်တယ်ဆိုတဲ့အကြောင်း မြန်မာနိုင်ငံက စစ်အုပ်စုကို ယုံကြည်လာအောင် စည်းရုံးနိုင်မယ်လို့ ယူဆပါတယ်။
တကယ်လို့ စစ်အုပ်စုဟာ ကျေနပ်လောက်တဲ့ အာမခံချက်တွေ မပေးနိုင်ဘူးဆိုရင်တော့ အာဆီယံဟာ ပုံမှန်ထိတွေ့ဆက်ဆံရေးပုံစံကနေ ခွဲထွက်ပြီး တခြား လမ်းကြောင်းကို ရွေးသွားနိုင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက်တော့ လာမယ့် ၂၀၂၅ ရွေးကောက်ပွဲဟာ ၂၀၁၀ ကာလကို ပြန်လည်အသက်သွင်းနေသလို ခံစားရနိုင်ပါတယ်။ အာဆီယံအတွက်ကတော့ အကျိုးစီးပွားတွေ၊ ဖြစ်နိုင်ခြေတွေဟာ ပြောင်းလဲသွားပြီဖြစ်လို့ ဒါဟာ လုံးဝမတူညီတဲ့ ကစားပွဲတခုလို့ပဲ ဆိုရမှာဖြစ်ပါတယ်။
ကဝီချောင်ကစ်တာဗွန်