Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အမြန်ပြန်လွတ်မြောက်ရန် ဆွမ်းကပ်လှူဒါန်း ဆုတောင်းပွဲ ထိုင်းနိုင်ငံ၌ ပြုလုပ်
DVB
·
September 9, 2025

နေပြည်တော်မှာ အကျဉ်းချခံထားရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အချုပ်အနှောင်ကနေ အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့နဲ့ သံဃဒါန ဆွမ်းကပ်လှူဒါန်းပွဲကို ထိုင်းနိုင်ငံလွတ်မြောက်နယ်မြေ တနေရာမှာ  စက်တင်ဘာ ၉ ရက် ဒီကနေ့မှာ ပြုလုပ်ခဲ့တယ်လို့ ပွဲစီစဥ်သူတွေဆီက သိရပါတယ်။

“အမေစု ကျန်းမာအသက်ရှည်ပါစေ၊ အမေစု မတရားအချုပ်နှောင်ခံရခြင်းမှ အမြန်ဆုံး လွတ်မြောက်ပါစေ၊ အမေစု ကျနော်တို့ချစ်တဲ့ မြန်မာပြည်ကြီးကို အမြန်ဆုံးကယ်တင်နိုင်ပါစေ” လို့ ထိုင်းရောက် မြန်မာပြည်သူတွေက ဆုတောင်း မေတ္တာပို့သခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆုတောင်းပွဲ တက်ရောက်ခဲ့သူတယောက်က “စစ်ကောင်စီက နိုင်ငံခေါင်းဆောင် လူထုခေါင်းဆောင် အမေ ဒေါ်အောင်ဆန်းစုကြည်ကို မတရား ဖမ်းဆီးချုပ်နှောင်ထားတာမို့ အမြန်ဆုံး ပြန်လည်လွတ်မြောက်စေဖို့ ဆုတောင်းမေတ္တာ ပို့သခဲ့ကြတာပါ။ သံဃာတော်တွေကိုပါ ဖိတ်ကြားပြီး သံဃဒါနအဖြစ် ဆွမ်း သင်္ကန်း ကပ်လှူ ပူဇော်ခဲ့ကြတာ” လို့ ပြောပါတယ်။

အဆိုပါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အချုပ်အနှောင်ကနေ ပြန်လည်လွတ်မြောက်ဖို့နဲ့ သံဃဒါန ဆွမ်းကပ်လှူပူဇော်ပွဲကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ လူမှုရေး ပရဟိတအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ ဆုတောင်းပွဲစီစဥ်သူတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးအကျဉ်းချတာခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးရောဂါ အခြေအနေ စိုးရိမ်ဖွယ်ဖြစ်နေပြီး လုံလောက်တဲ့ ဆေးကုသမှု မရရှိနေကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ပြောကြားထားပါတယ်။

လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်တဲ့ ဆေးကုသခွင့် မပေးတာဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ပါဝင်တဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုဖြစ်ပြီး ဖြစ်ပေါ်မယ့် အကျိုးဆက် အားလုံးကို စစ်အုပ်စုက တာဝန်ယူရမယ်လို့ NUG ကလည်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားလုံး လွတ်မြောက်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ ရရှိစေရေး လူထုလှုပ်ရှားမှု ကမ်ပိန်းကို လူသိများထင်ရှားတဲ့ အနုပညာရှင်တွေက ဦးဆောင်ပြီးပြုလုပ်နေကြပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လမှာ အသက် ၈၀ ပြည့်ခဲ့ပြီဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကတည်းက စစ်တပ်က ဖမ်းဆီးထားခဲ့တာဖြစ်ပြီး အမှုအမျိုးမျိုးနဲ့ စွပ်စွဲကာ ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ထားပါတယ်။

လတ်တလောအချိန်ထိ သူ့ကို ဘယ်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မသိရသလို အကျဉ်းသားအခွင့်ရေးဖြစ်တဲ့ ထောင်ဝင်စာတွေ့ခွင့်လည်း မရဘဲ ရှေ့နေအဖွဲ့ကလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ နောက်ဆုံးတွေ့ခွင့်ရခဲ့တာဖြစ်ပြီး စစ်အုပ်စုက အချိန်ကာလ နှစ်နဲ့ချီ ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ထားတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013