Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ အသက်အန္တရာယ်ကို စစ်တပ်ခြိမ်းခြောက်နေဟု NUG ထုတ်ပြန်
DVB
·
September 9, 2025
Photo: Franck Robichon/Pool via Reuters

လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ စိုးရိမ်နေရချိန်မှာ အာဏာသိမ်းစစ်တပ်က ဆေးကုသခွင့်မပေးတာဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတာ ဖြစ်ပြီး ဒါကို စစ်တပ်အနေနဲ့ တာဝန်ခံရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးထိန်းသိမ်းမှုအောက်မှာ ရောက်နေချိန် နှလုံးရောဂါ အခြေအနေ စိုးရိမ်ဖွယ်ဖြစ်နေပြီး လုံလောက်တဲ့ ဆေးကုသမှု မရရှိနေကြောင်း သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က အသိပေးထားတာကြောင့် သိရှိရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်တဲ့ ဆေးကုသခွင့် မပေးတာဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ပါဝင်တဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုဖြစ်ပြီး ဖြစ်ပေါ်မယ့် အကျိုးဆက် အားလုံးကို စစ်အုပ်စုက တာဝန်ယူရမယ်လို့ NUG က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် ကမ္ဘာ့အသိုင်းအဝိုင်းကို ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ကျန်းမာစွာနဲ့ အမြန်ဆုံး လွတ်မြောက်ရေးအတွက် စစ်အုပ်စုကို ဖိအားပေးဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းကလည်း ခုရက်ပိုင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတယ်လို့ ထုတ်ဖော်ပြောကြားထားပြီး ဆေးကုသမှုအတွက် တောင်းဆိုမှုတွေ လုပ်ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားလုံး လွတ်မြောက်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ ရရှိစေရေး လူထုလှုပ်ရှားမှု ကမ်ပိန်းကို လူသိများထင်ရှားတဲ့ အနုပညာရှင်တွေက ဦးဆောင်ပြီးပြုလုပ်နေကြပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လမှာ အသက် ၈၀ ပြည့်ခဲ့ပြီဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကတည်းက စစ်တပ်က ဖမ်းဆီးထားခဲ့တာဖြစ်ပြီး အမှုအမျိုးမျိုးနဲ့ စွပ်စွဲကာ ထောင်ဒဏ် ၂၇ နှစ်အထိ ချမှတ်ထားပါတယ်။

လတ်တလောအချိန်ထိ သူ့ကို ဘယ်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မသိရသလို အကျဉ်းသားအခွင့်ရေးဖြစ်တဲ့ ထောင်ဝင်စာတွေ့ခွင့်လည်း မရဘဲ ရှေ့နေအဖွဲ့ကလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလမှာ နောက်ဆုံးတွေ့ခွင့်ရခဲ့တာဖြစ်ပြီး စစ်အုပ်စုက အချိန်ကာလ နှစ်နဲ့ချီ ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ထားတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024