Home
မြန်မာသတင်း
ပဲခူးတွင် လူငယ် ၁ ဦးကို စစ်တပ်က ၂၅ သိန်းဖြင့် ရောင်းစားပြီး မိသားစုက သိန်း ၅၀ ဖြင့် ပြန်ရွေးရ
DVB
·
September 8, 2025
Photo: စစ်တပ် တပ်သားသစ် အဓမ္မစုဆောင်းခံထားရသူများ (ပုံဟောင်း)

ပဲခူးတိုင်း၊ ပဲခူးမြို့မှာ စက်တင်ဘာ ပထမအပတ်အတွင်း စစ်တပ်က လူငယ်တယောက်ကို ဖမ်းဆီးပြီး ဒိုက်ဦးမြို့နယ်အတွင်းက စစ်တပ်စခန်းတခုမှာ ‌ငွေကျပ် ၂၅ သိန်းနဲ့ ‌သွားရောက် ရောင်းစားခဲ့တာကြောင့် မိသားစုဝင်တွေက ငွေကျပ် သိန်း ၅၀ နဲ့ ပြန်လည်ရွေးယူခဲ့ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးရောင်းစားခံရတဲ့ လူငယ်က အလင်းရောင်ရပ်ကွက်ကလို့ သိရပြီး ည ၁၁ နာရီဝန်းကျင် လိပ်ပြာကန်မှာ ထိုင်နေချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်က လာရောက်ဖမ်းဆီးခဲ့တာလို့ ဖမ်းဆီးခံရသူ လူငယ်နဲ့ နီးစပ်သူတယောက်က ‌ပြောပါတယ်။

“ကောင်လေးက ဈေးရောင်းတာ။ ညပိုင်း လိပ်ပြာကန်မှာ တယောက်တည်း သွားထိုင်နေတဲ့အချိန် ဖမ်းခံရတာ။ ကောင်လေးကလည်း အထဲ‌ရောက်မှ ဖုန်းခိုးဆက်လို့ သူ့မိသားစုက သိရတာ။ ဖမ်းသွားတဲ့ စစ်သား ၂ ယောက်က ဒိုက်ဦးဘက်က စစ်တပ်မှာ သူ့ကို ၂၅ သိန်းနဲ့ ရောင်းသွားတာ။ သူ့မိသားစုက သိန်း ၅၀ နဲ့ သွားပြန်ခေါ်ရတယ်။ လူအစားလည်း တယောက် ရှာပေးခဲ့ရတယ်။”

ပဲခူးတိုင်းအတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီက ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ မကြာခဏ ပြုလုပ်ပေမဲ့ ပဲခူးမြို့လယ်ကောင်မှာ အခုလိုဖြစ်ပွားတာ မရှိသေးဘူးလို့ သိရပြီး ဖမ်းဆီးထားတဲ့ လူငယ်ကို စက်တင်ဘာ ၇ ရက်က ပြန်လွှတ်ပေးလိုက်တယ်လို့ ဖမ်းဆီးခံရသူ လူငယ်နဲ့ နီးစပ်သူက ပြောပါတယ်။

“ပဲခူးဘက်က ရွာတွေမှာ ပေါ်တာဆွဲနေတာတွေက အယောက်ပေါင်း မနည်းတော့ဘူးလေ။ သတင်းအစအနတောင် မရတော့ဘဲ ပျောက်သွားတဲ့သူတွေလည်း ရှိနေတာပဲ။ အခုကိစ္စကြီးကကျ ပဲခူးမြို့လယ်ကောင်ကြီးမှာကို ဖြစ်တာ။ နောက်ပြီး ပဲခူးမှာဆို ညဈေးက ၁၂ နာရီမှ ပိတ်တာ။ မနက် ၂ နာရီ၊ ၃ နာရီ ဈေးလာဝယ်တတ်တဲ့သူတွေတောင် ရှိတယ်။”

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းပြီးတဲ့နောက် လူငယ် ၇၀,၀၀၀ နီးပါးကို အတင်းအဓမ္မ ဖမ်းဆီးခဲ့ပြီး စစ်သင်တန်းတွေကို ပို့ဆောင်ကာ စစ်မြေပြင်မှာ စေလွှတ် အသုံးချခဲ့တဲ့အပြင် စစ်မှုထမ်းအပတ်စဥ်အလိုက် လူဦးရေအနည်းဆုံး အယောက် ၄,၀၀၀ ရရှိနိုင်ဖို့အတွက် လူငယ်တွေကို အရှိန်အဟုန်မြှင့်ပြီး အတင်းအဓမ္မ ဖမ်းဆီးနေတယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇူလိုင် ၂၁ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013