Home
မြန်မာသတင်း
လူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်းအဖွဲ့ထံ ရောင်းစားသည့် လူလိမ်အဖွဲ့များ ပေါ်ပေါက်နေ
DVB
·
September 8, 2025

မသမာသူ လူလိမ်အဖွဲ့တွေက လူငယ်တွေကို ဖမ်းဆီးခေါ်ဆောင်သွားပြီး မိဘတွေဆီကနေ ငွေညှစ်တောင်းကာ ငွေနဲ့လာရွေးနိုင်ရင် ပြန်လွှတ်ပေးပြီး ငွေနဲ့ လာမရွေးနိုင်ရင်တော့ စစ်မှုထမ်းအဖွဲ့တွေဆီ ရောင်းစားနေကြောင်း ဒေသခံတွေနဲ့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်ကျင့်သုံးပြီးနောက် မသမာသူတွေက လူငယ်တွေကို အဓမ္မ ဖမ်းဆီးပေါ်တာဆွဲကာ မိဘတွေဆီကနေ ငွေညှစ်တောင်းပြီး ငွေနဲ့ ပြန်လာမရွေးနိုင်ရင်  စစ်မှုထမ်းစာရင်း ကောက်ယူနေတဲ့ အဖွဲ့တွေဆီ ရောင်းစားနေကြောင်း ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့တပတ်ခန့်က ညဘက် အလုပ်ချိန်ပြီးလို့ နားနေချိန်မှာ ကားတစီးပေါ်က ဆင်းလာတဲ့ လူနှစ်ယောက်က ဖမ်းခေါ်သွားပြီး နောက်တရက် မိဘတွေဆီကို ငွေနဲ့လာရွေးဖို့ ဖုန်းဆက်အကြောင်းကြားကြောင်း သိရပါတယ်။

မိသားစုကတော့ ဖမ်းဆီးခေါ်ဆောင်ခံသွားရတဲ့ သားဖြစ်သူနဲ့ တွေ့ခွင့်ရမှ ပိုက်ဆံပေးမယ်လို့ ပြောလိုက်ချိန်မှာတော့ စစ်မှုထမ်းစာရင်းကောက်ခံနေတဲ့ အဖွဲ့ဆီ သိန်း ၅၀ နဲ့ ရောင်းလိုက်ကြောင်း သိရတယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပြပါတယ်။

“သူတို့က အခု ဖမ်းပြီးတော့ သွားရောင်းစားတာ၊ အဲဒီကောင်လေးကို သိန်း ၅၀ နဲ့တဲ့၊ ဖမ်းတဲ့ကောင်တွေက သက်သက်ကြီးကို သွားရောင်းစားတာပေါ့လေ။ မိသားစုနဲ့ အဆက်အသွယ် ရရင်‌တော့ တခါတည်း လာရွေးခိုင်းတာရှိတယ်။ ဆက်သွယ်လို့လည်းမရဘူး၊ လူအင်အားလည်း လိုတယ်ဆိုရင်တော့ သူတို့ စစ်မှုထမ်းစာရင်းကောက်တဲ့နေရာမှာ တယောက်ကို သိန်း ၅၀ နဲ့ ရောင်းရတာ။ အဲဒီကြားထဲမှာ စရဖ ဆိုတဲ့ကောင်က သူ့အဖေကြီးကို ၁၃ သိန်းပေးရင် ခင်ဗျားသား လွတ်မယ်ဆိုပြီး ပြောတာ။ အဲဒါဆို ကျုပ်သားနဲ့ ဖုန်းပြောလို့ရလားဆိုတော့ မရဘူး၊ ဘယ်မှာလဲဆိုတော့ မသိဘူး၊ ပိုက်ဆံ ၁၃ သိန်းသာ ရမ်းပြီးတောင်းနေတာ။”

ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ကနေ ရန်ကုန်မြို့ထဲကို လိုင်းကားစီးပြီး လာရောက်တဲ့ ဆယ်ကျော်သက် လူငယ် ၂ ယောက်ကလည်း မိသားစုနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။

မသမာသူတွေက ဖုန်းဆက်လာပြီး တယောက်ကို ၃ သိန်းနှုန်းနဲ့ လာရွေးဖို့ ပြောဆိုလာပေမဲ့ မိဘတွေက ကလေးတွေနဲ့ တွေ့နဲ့ခွင့်ရမှ ငွေပေးမယ်လို့ ပြောလိုက်ချိန်မှာတော့ တယောက်ကို သိန်း ၁၀၀ နှုန်းနဲ့ လာခေါ်ဖို့ ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတယောက်က ပြောပြပါတယ်။

“ဒီကလေးလေးနှစ်ယောက်ရဲ့ အဖြစ်က ပထမ ဖုန်းဆက်ပြီးတော့ ၆ သိန်းတောင်းတာ၊ ၆ သိန်းလောက်တော့ မိဘတွေက မရှိ ရှိတာနဲ့ ချေးငှားပြီးတော့ လုပ်နိုင်သေးတယ်လေ။ နောက်တခေါက် ထပ်ဆက်တော့ ၁၀၀ တောင်းတာ။ ၁၀၀ ဆိုတဲ့အခါကျတော့ မိဘက ဘယ်လိုမှ မတတ်နိုင်တော့ဘူး။ သူ့ကလေးတွေနဲ့ စကားပြောချင်တယ်ဆိုတော့ ပေးမပြောဘူး။ အဲလိုနဲ့ အဆက်ပြတ်ပြီး ဖြစ်သွားတာ။ အခုကတော့ ကလေးတွေက စစ်မှုထမ်းထဲရောက်သွားပြီ။ ငွေညှစ်တဲ့အဖွဲ့တွေကပဲ ဒီကလေးတွေကို ငွေရရင်တော့ ပြန်ပေးရင် ပေးမှာပေါ့၊ ငွေမရတဲ့အခါကျတော့ စစ်မှုထမ်းထဲ ထည့်လိုက်တာလား၊ ဒါမှမဟုတ် တခါတည်းပဲ စစ်မှုထမ်းထဲ တန်းပြီး ထည့်လိုက်တာလား ဘယ်လိုပြောရမှန်းတောင် မသိဘူးတော့ဘူး။”

သာမန်ပြည်သူတွေအနေနဲ့ မသမာသူတွေတောင်းတဲ့ ငွေကြေးပမာဏကို မပေးနိုင်တဲ့အတွက် လူငယ်တွေဟာ စစ်မှုထမ်းဆောင်တဲ့ သင်တန်းကျောင်းတွေဆီ ကိုယ်ရဲ့ သဘောတူညီမှုမပါဘဲ ပို့ဆောင်ခံလိုက်ရတာ ဖြစ်ပါတယ်။

စစ်တပ်ရဲ့ အဓမ္မ စစ်သားစုဆောင်းမှုတွေက ဩဂုတ် ၃၁ ရက်ထိ  အတင်းအဓမ္မ စစ်သားစုဆောင်းခံရမှု ဖြစ်စဉ်ပေါင်း ၁,၆၀၁ ခု ရှိခဲ့ပြီး အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူ  ၃၀,၅၂၀ ရှိကြောင်း NUG က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ကတော့ စစ်မှုထမ်း တပ်သားသစ် စုဆောင်းတာကို အပတ်စဉ် ၁၆ ပြီးစီးလို့ လာမယ့် အပတ်စဉ် ၁၇ အတွက် စတင်နေပြီလို့လည်း သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013