Home
မြန်မာသတင်း
ချောက်မြို့က ကိုရီးယားဘာသာသင်တန်း စီးနင်းဖမ်းဆီးခံရသူများ ငွေဖြင့်ပြန်ရွေးရ
DVB
·
September 7, 2025

မကွေးတိုင်း၊ ချောက်မြို့ပေါ်က ကိုရီးယားဘာသာသင်တန်းကျောင်းကို စက်တင်ဘာ ၄ ရက်နေ့မှာ စစ်တပ်က ဝင်ရောက်စီးနင်းပြီး သင်တန်းတက်နေသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် စစ်တပ်ကို ငွေပေးပြီး အဖမ်းခံရသူတွေကို ပြန်လည်ရွေးယူခဲ့ရတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။

အမည်မဖော်လိုတဲ့ မြို့ခံတယောက်က “ချောက်မြို့ပေါ်မှာ ဖွင့်ထားတဲ့ ကိုရီးယားဘာသာ သင်တန်းကျောင်းကို စစ်တပ်က ဝင်စီးပြီးတော့ သင်တန်းတက်နေတဲ့ အသက် ၂၀ ဝန်းကျင်လောက်ရှိတဲ့ လူငယ်အမျိုးသားလေးတွေကို ရွေးပြီးဖမ်းခေါ်သွားတာ။ ယောကျ်ားလေးတွေ၊ အားလုံး ၁၃ ယောက် ပါသွားတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ပြန်လည်ခေါ်ယူနိုင်ဖို့ ​စစ်တပ်ကို ငွေကြေးအမြောက်အမြား ပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ပြည်သူ့ညီနောင် သတင်းနဲ့ထောက်ပို့အဖွဲ့ (စလင်း) ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ဗိုလ်မှူး တင်ထွန်းဦး အမိန့်နဲ့ ကိုရီးယားဘာသာသင်တန်းကျောင်းကို ဝင်စီးတာလို့ သိရတယ်။ ဝင်စီးပြီး ဖမ်းသွားတာက အသက် ၂၀ ဝန်းကျင်လူငယ်တွေ ၁၃ ယောက်ပါ။ အဖမ်းခံရတဲ့ လူငယ်တွေကို ချောက် ထွေအုပ်ရုံးမှာ အဲဒီ ၄ ရက်နေ့ညမှာ ၉ ယောက်နဲ့ ၅ ရက်နေ့ နေ့လယ်ပိုင်းမှာ ၄ ယောက်ကို ပိုက်ဆံနဲ့ ပြန်ရွေးခဲ့ရတယ်။ ၁ ယောက်ကို သိန်း ၆၀၊ ၇၀ နဲ့ ပြန်ရွေးထုတ်ခဲ့ရတယ်တဲ့။ ခံဝန်ကတိတွေ ထိုးခဲ့​ကြရသေးတယ်လို့ သိရတယ်ဗျ။ ခွေးတွေဘက်က ချောက်မြို့ပေါ်မှာရှိတဲ့ လူနေအိမ်တွေထဲအထိ ပေါ်တာဝင်ဆွဲမယ်ဆိုတာ ဖရဲသီးဆီကနေ ကြိုတင်သတင်းရလို့ ပြည်သူတွေ ပြင်ဆင်နိုင်ဖို့ ကျနော်တို့အဖွဲ့ရဲ့ Facebook Page ကနေ ကြိုတင်ကြညောခဲ့ပါသေးတယ်။ အဲဒီလို ကြေညာပေးနေတဲ့ကြားထဲကနေ အခုလို ဖြစ်သွားတာပါ” လို့ DVB ကို ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်တပ် လက်အောက်ခံတွေရဲ့ သွားလာလှုပ်ရှားမှုတွေကို ပြည်သူ့ညီနောင် သတင်းနဲ့ထောက်ပို့အဖွဲ့ (စလင်း) ဆီကို သတင်းပေးပို့ကြဖို့နဲ့ ပြည်သူ့ညီနောင်အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကို ဝင်ရောက်ကြ​ည့်ရှုပြီး အခါအားလျော်စွာ ထုတ်ပြန်ပေးတဲ့ ကြေညာချက်တွေကိုလည်း လိုက်နာဆောင်ရွက်နိုင်ကြဖို့ တိုက်တွန်းလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အခုရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်ခံတွေဟာ မကွေးတိုင်းအတွင်းက သူတို့ စိုးမိုးထားတဲ့ ချောက်၊ ပွင့်ဖြူ၊ စလင်း မြို့နယ်တို့အပြင် နတ်မောက်၊ မြို့သစ်၊ တောင်တွင်းကြီး၊ အောင်လံ စတဲ့မြို့တွေမှာလည်း လူငယ်တွေကိုပေါ်တာဆွဲ ဖမ်းဆီးနေသလို ဖမ်းဆီးထားသူ တချို့ကိုလည်း အခုလို ငွေကြေးအ​မြောက်အမြား တောင်းယူပြီးမှ ပြန်လွှတ်ပေးတာတွေ လုပ်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013