Home
မြန်မာသတင်း
အထိနာပြီး ပြန်ဆုတ်သွားသည့် စစ်တပ်က ပတိုငံရွာကို တကျော့ပြန် မီးရှို့နေ
DVB
·
September 5, 2025

ကရင်နီပြည်၊ ဒီးမော့ဆို၊ ပတိုငံရွာတိုက်ပွဲမှာ အထိနာပြီး ပြန်ဆုတ်သွားတဲ့ စစ်တပ်က နောက်တကြိမ်ပြန်လာပြီး ရွာကို မီးဝင်ရှို့နေပါတယ်။

စက်တင်ဘာ ၂ ရက်က ဒီးမော့ဆို-ဖရူဆို ကားလမ်းမကြီးနားက ပတိုငံရွာကို ဝင်လာတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ဝင်တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က အကျအဆုံးများပြီး ပြန်ဆုတ်သွားရတယ်လို့ လက်ရှိ ရှေ့တန်းမှာရှိနေတဲ့ DVB ရဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ တော်လှန်ရေးတပ်ပေါင်းစုက လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။

အထိနာပြီး ပြန်ဆုတ်သွားတဲ့ စစ်တပ်ဟာ စက်တင်ဘာ ၅ ရက် မနက်ပိုင်းမှာ ပတိုငံရွာကို ပြန်ဝင်လာပြီး ရွာထဲကအိမ်တွေကို မီးရှို့နေတယ်လို့ စစ်ရေးရင်းမြစ်တယောက်က အတည်ပြုပါတယ်။

“၂ ရက်နေ့က ကျနော်တို့ ချေမှုန်းရေးလုပ်တာ အဲ့မှာ သူတို့ (စစ်တပ်) က တော်တော်အထိနာသွားတယ်။ ပြန်ဆုတ်သွားတဲ့ အနေအထားမျိုးပေါ့၊ ၁၀ ယောက်ကျော်လောက် ကျမယ်ထင်တယ်။ ကျနော်တို့ အလောင်းတွေ ၅ လောင်း၊ ၆ လောင်းလောက် ရပါတယ်။ နောက် တချို့အလောင်းတွေက ပျောက်နေတယ်၊ အဲလိုမျိုးဖြစ်နေတယ်။ ကျနော်တို့ဘက်ကတော့ ၃ ယောက် ကျပါတယ်။”

ဒီးမော့ဆိုမြို့နယ်ကို စစ်တပ်က သိမ်းလိုက်ပြီလို့ စစ်တပ်ပိုင် မီဒီယာတွေကနေ ကြေညာပြီးတဲ့နောက် လက်ရှိ ထိုးစစ်ဆင်နေတဲ့ ဒီးမော့ဆို-ဖရူဆို ကားလမ်းမကြီးတဝိုက် အခြေအနေ ဘာတွေဆက်ဖြစ်လာနိုင်မလဲဆိုတဲ့ DVB ရဲ့ မေးမြန်းချက်ကို ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ရဲ့ ဒုစစ်ဦးစီးချုပ် မာဝီက လက်ရှိ ဒီးမော့ဆို-ဖရူဆို ကားလမ်းက ထိုးစစ်ဆင်တာတွေဟာ ဖရူဆိုထဲမှာ ပိတ်မိနေတဲ့ စစ်တပ်တွေဆီ တပ်သားသစ်ပို့ဖို့အတွက် ထိုးစစ်ဆင်နေတာဖြစ်ပြီး အဲဒီထိုးစစ်ကြောင့် ကရင်နီရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ တော်လှန်ရေးတပ်တွေ အခြေပြုထားတဲ့ နေရာတွေကို ဘာသက်ရောက်မှုမှ မရှိဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

“အခုကတော့ စစ်တပ်က ဒီ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို ကျနော်သိသလောက်တော့ ဖားဆောင်းအထိပေါ့၊ ပြည်ထောင်စုကားလမ်းမကြီး တလျှောက်မှာ ရှိနေတဲ့ မြို့ရွာတွေကို သူ(စစ်တပ်) ပြန်ပြီးတော့မှ ထိုးစစ်ဆင်မယ်ဆိုတဲ့ ပလန်ပေါ့။ အဲတော့ အခုက ဒီးမော့ဆိုကနေ ဖရူဆိုကို ထိုးတာပေါ့လေ။ အဲဒီကားလမ်းမကြီးဘေးလေးမှာရှိတဲ့ ရွာတွေပါပဲ။ ကျနော်တို့ တော်လှန်ရေးအခြေပြုတဲ့ နေရာတွေ၊ အုပ်ချုပ်ရေး ယန္တရားတွေ တည်ဆောက်ထားတဲ့ နေရာတွေကတော့ ဘာမှ သက်ရောက်မှု မရှိပါဘူး။ အဲဒီလမ်းက အရင်တည်းက ကျနော်တို့လည်း မသုံးဘူးလေ၊ တောထနေတဲ့လမ်းပဲ။ အဲ့ဘေးမှာ ပတ်ချာလည်ရှိနေတဲ့ ရွာတွေကလည်း လူလည်းမရှိဘူး။ စွန့်ပစ်ထားတဲ့နေရာတွေပဲ။ အခု အဲ့မှာ ဖရူဆိုမှာဆိုလို့ရှိရင် ၄၂၈ တို့ ၅၃၁ တို့ ဒီတပ်ရင်းတွေရှိတယ်။ အဲ့တပ်ရင်းတွေကို တာဝန်သွားကြမယ့်သူတွေကို အခု ဒီစစ်ကြောင်းနဲ့ တခါတည်း ခေါ်သွားတာပေါ့နော်။”

လက်ရှိ ဒီးမော့ဆို-ဖရူဆို ကားလမ်းနားတဝိုက်က ရွာတွေဖြစ်တဲ့ ပတိုငံရွာ၊ ထူလွီးဘီလာရွာ၊ ငွေတောင်ရွာသစ်၊ ကဒါးလားရွာတွေဆီက စစ်ကြောင်းဖြန့်ဝင်နေတာဖြစ်ပြီး ထီးပေါ်ဆိုရွာမှာတော့ စခန်းချထားတယ် လို့လက်ရှိအခြေအနေတွေကိုက ယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

စစ်ကြောင်းဝင်နေတဲ့ ရွာတွေက ရွာခံတွေအားလုံးကို ပြီးခဲ့တဲ့လနောက်ဆုံးအပတ်ကတည်းက ကယ်ဆယ်ရေးသမားတွေနဲ့ ရဲဘော်တွေ က ကယ်ထုတ်ပြီးတော့ လုံခြုံတဲ့နေရာ ပို့ဆောင်ထားတာလို့ ဆိုပါတယ်။ 

လတ်တလော အမိုးအကာနဲ့အိမ်သာ လိုအပ်ချက်တွေရှိနေပြီး လေကြောင်းရန်အတွက် ဗုံးခိုကျင်းတွေလည်း လိုအပ်နေတယ်လို့ ကယ်ဆယ်ရေးတယောက်က ပြောပါတယ်။

“လိုအပ်တာကတော့ဗျာ ပြောမနေနဲ့။ လိုအပ်တာကတော့ ရွှေ့ပြီဆိုကတည်းက လိုအပ်ပြီပဲ၊ ရိက္ခာနဲ့မိုးကာတွေပေါ့။ လောလောဆယ် တနေရာ ရွှေ့ပြီဆိုတာနဲ့ မိုးကာတို့၊ အိမ်သာတို့၊ အိမ်သာခွက်တို့က အဲ့ဒါတွေက လိုပြီလေ။ စားနပ်ရိက္ခာကတော့ အမြဲတမ်းလိုနေတဲ့ အရာပါပဲ။” 

ကယန်းအမျိုးသားတပ်မတော် (KNA) ကလည်း လက်ရှိ ဒီးမော့ဆိုနားတ၀ိုက် တိုက်ပွဲတွေကြောင့် ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။ 

တိုက်ပွဲဇုန်အတွင်း မဖြစ်မနေ သွားလာဖို့ လိုအပ်လာရင် နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေထံ အကူညီတောင်းပြီးမှ သွားလာကြဖို့ စက်တင်ဘာ ၁ ရက်က တိုက်တွန်းနှိုးဆော်ထားပါတယ်။ 

မောရစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024