ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့က ဘုန်းကြီးကျောင်းကို စစ်တပ်က ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချလို့ ကိုရင်တပါး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားတယ်လို့ TNLA ဆီက သိရပါတယ်။
ဒီနေ့ စက်တင်ဘာ ၄ ရက် မနက် ၁၀ နာရီကျော်မှာ ကျောက်မဲမြို့ ပန်ကွမ်ကျေးရွာက ပန်ကွမ်ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲတာကြောင့် ဘုန်းကြီးကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲပြီး အသက် ၁၄ နှစ်အရွယ် ကိုရင်တပါး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
TNLA တာဝန်ရှိသူတယောက်က “ဒီမနက်ပဲ ကြဲသွားတာ။ စေတီပုထိုးနဲ့ ကျောင်းတချို့ ပျက်စီးသွားတယ်။ ကိုရင်တပါး ဒဏ်ရာအနည်းငယ် ရတယ်။ ပန်ကွမ်ကို ဗုံးကြဲပြီးတော့ အသေခံဒရုန်း ၂ စင်းနဲ့ ကျောက်မဲမြို့အနီးက SSPP ဂိတ်အကျော်ကို ဗုံးကြဲတိုက်ခိုက်တယ်။ လမ်းမပေါ် ကျတယ်။ လူထိခိုက်တာတော့ မရှိဘူး” လို့ ပြောပါတယ်။
အဲဒီအပြင် နေ့လယ် ၁၂ နာရီကျော်မှာ ပန်ဖျက်နဲ့ ပန်သပြေရွာက စေတီကုန်းကို ဗုံး ၂ လုံး ထပ်ကြဲသွားပြီး စေတီတွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။
ကျောက်မဲမှာ စစ်ကော်မရှင်တပ်တွေနဲ့ TNLA တပ်တွေ တိုက်ပွဲဆက်ဖြစ်နေလို့ ဒေသခံတွေ လားရှိုးမြို့ကို တိမ်းရှောင်နေကြရပြီး ဒဏ်ရာရသူတွေကတော့ လားရှိုးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေကြရတယ်လို့ သိရပါတယ်။
မင်းဆက်