Home
မြန်မာသတင်း
သီပေါ သမိုင်းဝင်ဘော်ကြိုဘုရားအနီးကို စစ်တပ်က ဗုံးကြဲ
DVB
·
September 4, 2025
Photo: Nay Zaw Tun

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့ရှိ  သမိုင်းဝင် ဘော်ကြိုဘုရားအနီးကို စစ်တပ်က စက်တင်ဘာ ၃ ရက် မွန်းလွဲပိုင်းက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ဗုံးကျရောက်ပေါက်ကွဲပြီး ကျောင်းဆောင်ရဲ့ ပြတင်းတံခါးမှန်တချို့ ပျက်စီးကာ ရွာထဲက အိမ် ၃ လုံး နဲ့ ‌ ဒေသခံ အမျိုးသား တယောက် ဒဏ်ရာရသွားပါတယ်။ 

မနေ့ မွန်းလွဲ ၃ နာရီခွဲလောက်က လားရှိုး-မန္တလေး ကားလမ်းမပေါ်ရှိ သီပေါ-ဘော်ကြို ဘုရားနားတဝိုက်မှာ လေယာဉ်ပေါ်ကနေ ဗုံး ၂ လုံး ကျလာတယ်၊ ပထမတလုံးက နမ့်လုံချောင်းအနီး တောထဲကျတာကြောင့် အထိအခိုက်မရှိ၊ ဒုတိယတလုံးက ဘော်ကြိုဘုရား မျက်နှာချင်းဆိုင် ဘော်ကြိုဈေး ရွာထဲကျတယ်လို့ သီပေါ‌ဒေသခံတယောက်က ပြောပါတယ်။ 

“ပထမတလုံးက တောထဲကျလို့ လူနေအိမ်တွေ မထိခိုက်ဘူး။ ဒုတိယတလုံးက ဘော်ကြိုဈေး ရွာထဲ ကျတာ၊ အိမ် ၃ လုံး လုံးဝပျက်စီးတယ်။ အိမ်ရှင်နာမည်တော့ မသိဘူး။ ပြီးတော့ ဦးမောင်ဇော် ဆိုတဲ့လူ ဘယ်ဘက်လက်နဲ့ ညာဘက်ဝမ်းဗိုက်နား ကျည်စစင်ပြီး ဒဏ်ရာရတယ်။ ကျည်စတွေကြောင့် ဘော်ကြိုကျောင်း ပြတင်းပေါက်မှန် ကျကွဲတယ်။ ကျောင်းက ကြီးကြီးမားမားတော့ မပျက်စီးဘူး။ ရွာထဲက ခွေးမတကောင် သေသွားတယ်။ ခွေးပေါက်စလေးတွေ ကျန်ခဲ့တယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်ကလည်း စစ်ကောင်စီတပ်က မနေ့ မွန်းလွဲ ၁ နာရီ ၃၇ မိနစ်မှာ သီပေါမြို့နယ် ဘော်ကြိုကျေးရွာကို လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ရည်ရွယ်ချက်ရှိရှိ လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

စစ်ကောင်စီတပ်က  TNLA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်းက ဒေသတွေကို လေကြောင်းနဲ့ မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတာမှာ ဩဂုတ်  ၁၈ ရက်ကလည်း သီပေါမြို့၊ အနောက်ရပ်ကွက်နဲ့  တောင်မြို့ရပ်ကွက်မှာ  ဗုံးကြဲခံရတာကြောင့်  ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၇ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။ 

သီပေါမှာ စစ်ရှောင်ပြည်သူပေါင်း ၂,၀၀၀ နီးပါး လုံခြုံတဲ့နေရာတွေမှာ လာရောက်ခိုလှုံနေကြောင်း၊  အများစုမှာ သီပေါ၊ ကျောက်မဲ၊ ‌နောင်ချို၊ နောင်ပိန်စတဲ့မြို့နယ်က လာကြတာဖြစ်ပြီး ဆန်၊ ဆီ စတဲ့ အခြေခံစားနပ်ရိက္ခာ တော်တော်အခက်အခဲရှိနေတယ်၊ စေတနာရှင်တွေအနေနဲ့ သီပေါ နှလုံးသားပရဟိတအဖွဲ့  nayzawtun99900@gmail.com  ကို ဆက်သွယ်ကူညီနိုင်တယ်လို့  ပရဟိတ အဖွဲ့ဝင်တယောက်က  ပြောပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013