
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲကို စက်တင်ဘာ ၂ ရက် ည ၈ နာရီဝန်းကျင်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးအလုံး ၃၀ နီးပါး ကြဲချခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၊ ကန့်ဘလူခရိုင် ပြန်ကြားရေးတာဝန်ရှိသူက “ကျွန်းလှမြို့နယ်ထဲက ရွာကုန်းကြီးရွာနားကို စစ်တပ်က ဗုံး ၆ ကြိမ် ကြဲချခဲ့ပါတယ်။ အဲဒီလို ၆ ကြိမ် ကြဲချခဲ့တဲ့အခါမှာ ဂျက်ဖိုက်တာနဲ့က ပေါင် ၅၀၀ ဗုံးသီး ၂ လုံး၊ Y12 နဲ့က ဗုံးသီး ၂၈ လုံး ကြဲချသွားခဲ့တာပါ” လို့ ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူ ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
အမည်မဖော်လိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ရွာကုန်းကြီးရွာနားကို ကြဲသွားတဆိုတော့ ပြည်သူတွေ ထိခိုက်တာတော့ မရှိဘူး။ အဲဒီနားပတ်လည်ရွာတွေက ပြည်သူတွေကတော့ ဗုံးစကြဲတဲ့အချိန်ကတော့ အကုန်လုံး ပြေးကြတာပေါ့။ အခုတော့ အတော်များများ ပြန်လာကုန်ကြပါပြီ။ တချို့လည်း ပြန်မလာရဲကြသေးဘူးဗျ။ တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ ဗုံးလာကြဲတာ။ ကျနော်တို့ အထင်တော့ တော်လှန်ရေးရဲဘော်တွေရဲ့ စခန်းရှိတယ် ထင်ပြီး လာကြဲတယ်လို့ ယူဆတယ်” လို့ DVB ကို ပြောပါတယ်။
ရွာကုန်းကြီးကျေးရွာနဲ့ အနီးဝန်းကျင်တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေလို့ ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကာကွယ်ရေးအစီအမံတွေကို အထူးပြုလုပ်ထားကြဖို့ တိုက်တွန်းထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ရွာကုန်းကြီးကျေးရွာနဲ့ အနီးဝန်းကျင်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်သွားခဲ့တာကြောင့် ပြည်သူပိုင်လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရသလို မော်တော်ယာဥ်တွေ အပါအဝင် ဆီပေပါတွေလည်း မီးလောင် ပျက်စီးခဲ့ရပါသေးတယ်။
အဆိုပါ ရွာကုန်းကြီးကျေးရွာဟာ ကျွန်းလှမြို့အနောက်ခြမ်းမှာ တည်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတခု ဖြစ်တယ်လို့လည်း သိရပါတယ်။