
ကရင်ပြည်နယ်၊ ဘားအံခရိုင် နောင်တခီး ကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်က သြဂုတ် ၃ ရက် မနက် ၉ နာရီကျော်မှာ လေကြောင်း ဗုံးကြဲချခဲ့တာကြောင့် ဆရာမ တယောက်၊ ဆရာ တယောက်နဲ့ ကလေးငယ် တယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နောင်တခီး အခြေခံပညာအလယ်တန်းကျောင်းကို ကလေးသူငယ်တွေ ကျောင်းတက်နေတဲ့ အချိန်မှာ ကာမီကာဇယ်ဒရုန်းနဲံ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ရေးသတင်းရင်းမြစ် ဒေသခံတယောက်က “(KNU) ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေနယ်မြေ နောင်တခီးကျေးရွာ စာသင်ကျောင်းမှ ကျောင်းရုံးခန်းဘက်ကို ကျခဲ့တာ။ ဆရာမ တယောက်၊ ဆရာ တယောက်နဲ့ ကျောင်သားငယ် တယောက် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ဗုံးကြဲချခဲ့လို့ စာသင်ကျောင်း ရုံးခန်းလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ် ဒေါနတောင်သွားတဲ့ လမ်းဟောင်းဘက်မှာ တော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ စက်တင်ဘာ ၂ ရက်က စတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်းအထိ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေ လုပ်နေတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တွေဆီက သိရပါတယ်။