
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့မြောက်ခြမ်း ကနီမြို့နယ်အစပ်မှာ တည်ရှိတဲ့ တရော်ကျင်း ကျေးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၃ ရက် နေ့လယ် ၁၂ နာရီ နီးပါးအချိန်မှာ ကျေးရွာအတွင်း ဝင်ရောက်မီးရှို့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
တရော်ကျင်းရွာဟာ အိမ်ခြေ ၁၅၀ ကျော်ရှိပြီး မုံရွာ-ယာကြီး-ကလေး သွားကားလမ်းမကြီးနဲ့ သမိုင်းဝင် အလောင်းတော်ကဿပဘုရားသွား လမ်းဆုံမှာတည်ရှိတဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။
တရော်ကျင်းရွာသားတယောက်က “စစ်ကြောင်းက ဘန့်ဘွေးရွာမက ပျူတွေနဲ့ စကစ တွေပါဗျ။ ဒီနေ့မနက်ခင်းပိုင်းက စထွက်လာပြီး ကျနော်တို့ ရွာကို မီးရှို့နေတာဗျ။ လူတွေကတော့ စစ်ကြောင်းထိုးလာတယ်ဆိုတဲ့အသံကြားကတည်းက ရွာကနေ လွတ်ရာကို ထွက်ပြေးလာကြတယ်။ ရွာအတွင်း အခြေအနေကတော့ ဘာမှမသိရသေးဘူးဗျ။ စစ်ကြောင်းက ရွာထဲကို အခုရောက် အခု ရွာကို မီးရှို့တာပဲ။ တိုက်ပွဲဖြစ်သံလည်း မကြားဘူးနော်။ သူတို့ ရှို့ချင်လို့ကို ရှို့တာနေမယ်။ ဘာတတ်နိုင်မလဲဗျာ။ မြေကြီးကျန်ရင်ကို ကျေနပ်ပါတယ်။ လူအသက် မသေရင် ပြန်လုပ်လို့ ရပါတယ်”လို့ ပြောပါတယ်။
အခုလို စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တရော်ကျင်းရွာအနီးက ကန်စုရွာ၊ ရေသောက်ကန်တောပြင်၊ ချင်းတောင်ရွာ ပြည်သူတွေ နေရပ်စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။
ဒေသခံရဲဘော်တယောက်က “ကျနော်တို့အမြင်ကတော့ ကနီဘက်ကို စစ်ကြောင်းထိုးချင်လို့ ဖြစ်မယ်။ စစ်ရေး အခြေအနေကတော့ ဘာမှ ပြောလို့မရသေးဘူး။ တရော်ကျင်းရွာကို မီးရှို့နေတယ်ဆိုတဲ့ သတင်းကတော့ အမှန်ပါပဲ” လို့ ပြောပါတယ်။
ဩဂုတ် ၁၆ ရက်ကလည်း ဘန့်ဘွေးပျူရွာကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေက တရော်ကျင်းရွာကို အခုလို ဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်တွေက ပစ္စည်းတွေကို ကျေးရွာအနီးဝန်းကျင်က ထော်လာဂျီတွေနဲ့ ဘန့်ဘွေးပျူရွာကို သယ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။