
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စက်တင်ဘာ ၂ ရက် နေ့လယ်ပိုင်းက စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံပြည်သူ ၁ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရခဲ့ပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေစကြို သတင်းအချက်အလက်ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “နေ့လယ် ၂ နာရီလောက်မှာ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးက သာစည်နှောပင်ရွာထဲကို ကျပြီး ပေါက်ကွဲခဲ့လို့ ပြည်သူ ၁ ယောက် နေရာမှာတင် သေဆုံးသွားပါတယ်။ ဒဏ်ရာရရှိသူတချို့လည်း ရှိပါတယ်” လို့ ပြောပါတယ်။
အဆိုပါလက်နက်ကြီးကျည်ဟာ စစ်တပ်ရဲ့ ရေစကြိုအခြေစိုက် ခလရ ၂၅၆ တပ်အတွင်းက ပစ်ခတ်လိုက်တာလို့ ဆိုပါတယ်။
ရေစကြို ပကဖ တာဝန်ခံ ကိုဝေကြီး က “ခလရ ၂၅၆ တပ်ထဲကနေ ၈၁ ရယ်၊ ၁၂၀ တွေရယ်၊ ၅ လုံးပစ်တဲ့အထဲက သာစည်နှောပင်ရွာထဲက အိမ် ၁ လုံးပေါ်ကို ၁ လုံးကျပြီး ပေါက်ကွဲခဲ့တာ။ အဲဒီအိမ်ထဲမှာ အိပ်နေတဲ့ အမျိုးသမီး ၁ ယောက်ကတော့ နေရာမှာတင် ဆုံးသွားတယ်။ သေဆုံးသူရဲ့ နာမည်နဲ့ အသက်ကတော့ စုံစမ်းနေဆဲပါ။ ဒဏ်ရာရတဲ့သူကတော့ ၂ ယောက်ပါ။ သူတို့ကတော့ မစိုးရိမ်ရပါဘူး။ ကျည်ဆန်ကျတဲ့ အိမ်ကတော့ လုံးဝပျက်စီးသွားပါတယ်” လို့ DVB ကို ပြောပါတယ်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့ သာစည်နှောပင်ရွာကျေးရွာ အပါအဝင် အနီးဝန်းကျင်တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာ မရှိဘူးလို့လည်း သိရပါတယ်။
ရေစကြိုမြို့အခြေစိုက်တဲ့ စစ်တပ်လက်အောက်ခံ ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်တွေဟာ အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ မကြာခဏ အကြောင်းမဲ့ ပစ်ခတ်နေတဲ့အတွက်လည်း ပြည်သူတွေအနေနဲ့ သတိဝီရိယနဲ့ နေထိုင်သွားလာကြဖို့ သတိပေး တိုက်တွန်းထားတယ်လို့ ရေစကြိုအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။