Home
မြန်မာသတင်း
ဖားကန့်တွင် စာသင်ကျောင်းပေါင်း ၁၀၀ ကျော် ယာယီပိတ်ထားရ
DVB
·
September 3, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြိုမှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် စာသင်ကျောင်းပေါင်း ၁၀၀ ကျော်ကို စက်တင်ဘာ ၂ ရက်ကစပြီး ယာယီပိတ်ကြောင်း  မြို့နယ်ပညာရေးမှုးရုံးက  ကြေညာထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြို့အတွင်း စစ်ကြောင်းဝင်လာပြီး အရပ်သားပြည်သူတွေကို ပစ်ခတ်ဖမ်းဆီးတာတွေ လုပ်နေပြီး နယ်မြေတည်ငြိမ်မှု မရှိတာကြောင့် စာသင်ကျောင်းအားလုံး စက်တင်ဘာ ၂ ရက်ကနေ ၉ ရက်အထိ ယာယီပိတ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက ကြေညာခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“စစ်ကြောင်းက ကျောင်းလာကြိုတဲ့ မိဘလည်း မရဘူး၊ ကချင်မြင်တာနဲ့ KIA လို့ စွပ်စွဲပြီး ရိုက်နှက်ဖမ်းဆီးတာ၊ ပစ်ခတ်တာတွေရှိတယ်။ မနေ့ကပဲ မရှီကထောင်ရပ်ကွက်ထဲက အမျိုးသားတယောက် စစ်တပ်က ပစ်သတ်လို့ သေသွားတယ်။ စစ်ကြောင်းက ဆိုးလာလို့ ကျောင်းတွေပိတ်လိုက်ရတာ။” 

ဖားကန့်မြိုနယ်မှာ မူလတန်းကြို  ၅၂ ကျောင်း၊ မူလတန်းကျောင်း ၆၅ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၉ ကျောင်း၊ အလယ်တန်းကျောင်း ၁၂ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၁၀ ကျောင်း၊ အထက်တန်းကျောင်း ၁၀ ကျောင်း စုစုပေါင်း ၁၅၇ ကျောင်းရှိပြီး အဲ့ဒီကျောင်းတွေ အကုန်လုံး စက်တင်ဘာ ၉ ရက်အထိ ပိတ်ထားတာလို့ ပညာရေးဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“၉ ရက်နေ့ ပြန်ဖွင့်မယ်လို့ ပြောပေမဲ့ ဘာမှန်းမသိသေးဘူး။  ဒေသခံဆွဲခန့် ဆရာမ ဆို စစ်ကြောင်းကိုကြောက်လို့ ကျောင်းမလာရဲဘူး။ အခြေအနေမကောင်းရင် ရက်ရှည်ပိတ်ထားရမယ့်သဘော။ ကျောင်းတွေစဖွင့်တည်းက စစ်တပ်က စစ်ကြောင်းထိုးနေတာ၊ ပစ်သတ်တာတွေရှိတယ်၊ ဖမ်းဆီးတာတွေရှိတယ်။ အဖမ်းခံရတဲ့အထဲမှာ ကျောင်းသားမိဘတွေလည်း ပါတယ်။” 

ဖားကန့်မြိုကို  မေလကတည်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) အခြေစိုက်တပ်၊ မိုးညှင်းအခြေစိုက် ခြေလျင်တပ်တွေနဲ့ တပ်မ ၈၈ ဒရုန်းအဖွဲ့ပူးပေါင်းကာ စစ်ကြောင်းထိုးပြီး ဒေသခံအရပ်ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013