
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က စစ်ရှောင်တွေကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက မဖြစ်မနေ နေရပ်ပြန်ကြဖို့ ဖိအားပေး နှင်လွှတ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့မှာ ရောက်ရှိနေတဲ့ လေးမျက်နှာမြို့နယ်က စစ်ဘေးရှောင်တွေကို စစ်ကောင်စီခန့် ကွင်းကောက်မြို့ အုပ်ချုပ်ရေးမှူးက စက်တင်ဘာ ၇ ရက်အတွင်း မဖြစ်မနေ နေရပ်ပြန်ဖို့ ဖိအားပေး နှင်လွှတ်နေတာလို့ ဆိုပါတယ်။
စစ်ဘေးရှောင်အရေး ကူညီပေးသူတယောက်က “စစ်ရှောင်တွေကို ခေါ်တွေ့ပြီး နေရပ်ပြန်ဖို့ ဖိအားပေးတာ။ ဒေသမှာ တည်ငြိမ်အေးချမ်းအောင် တပ်မတော်က လုပ်ထားပေးပြီး မိမိဒေသကို ပြန်ကြတော့။ အထက်က ညွှန်ကြားချက်အရဆိုပြီး ၇ ရက်အတွင်း နေရပ်ပြန်ကြဖို့ပြောတာ” လို့ ပြောပါတယ်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက နှင်ထုတ်တဲ့ စစ်ရှောင်တွေဟာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်းရှောင်လာတဲ့ လေးမျက်နှာမြို့နယ်ထဲက စောပြား၊ ရှမ်းကွင်း၊ စက်စက်ယို၊ ပိန္နဲကွင်း၊ ပန်းတောကြီး စတဲ့ဒေသတွေက စစ်ရှောင်တွေ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်မိသားစုဝင်တယောက်က “ဒီမှာ စစ်ရှောင်လာနေရတာ ၄ လအထိရှိပြီ။ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေကြောင့် တရက်မှ ကောင်းကောင်းမနေရဘူး။ ဧည့်စာရင်း စစ်တယ်၊ PDF ထောက်ပို့ဆိုပြီး မသင်္ကာလို့ စစ်ဆေးတယ်။ နေထိုင်ခွင့်ရရေး ငွေပေးရတယ်။ အခု မဖြစ်မနေ နေရပ်ပြန်ကြဖို့ နှင်ထုတ်တယ်” လို့ ပြောပါတယ်။
ကွင်းကောက်မြို့ဘက်မှာ တိုက်ပွဲကြောင့် စစ်ရှောင်နေရတဲ့ အိမ်ထောင်စု ၃,၀၀၀ ထက်မနည်း၊ လူအယောက်ရေ ၄,၀၀၀ ကျော်လာက် ရှိတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့သူတွေဆီက သိရပါတယ်။
အခုနေရပ်ပြန်လွှတ်ခံရတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်က မကြာခဏ လေကြောင်းနဲ့ ဗုံးကြဲချနေလို့ နေအိမ်တွေ ပျက်စီးနေတာကြောင့် မဖြစ်မနေ နေရပ်ပြန်နေရရင်တောင် နေအိမ်မရှိတော့တဲ့ အိမ်ထောင်စုတွေ ရှိတယ်လို့ စစ်ဘေးရှောင်မိသားစုဝင်တွေက ဆိုပါတယ်။