Home
မြန်မာသတင်း
သြဂုတ်လအတွင်း စစ်တပ်က လေကြောင်း ၂၀၄ ကြိမ် တိုက်ခိုက်၊ ပြည်သူ ၂၃၀ ကျော် သေဆုံး
DVB
·
September 2, 2025

စစ်ကောင်စီတပ်က ဩဂုတ် ၁ လတည်းမှာတင် မြန်မာနိုင်ငံ နေရာအနှံ့ကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၀၄ ကြိမ်နီးပါး ပြုလုပ်ခဲ့တဲ့အတွက် ပြည်သူ ၂၃၅ ယောက် သေဆုံးကာ အယောက် ၃၉၀ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဩဂုတ် ၃၁ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်မှာ မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ငတရော်ရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် ၂၅၀ ဗုံးတလုံး ကြဲချခဲ့ပြီး ပွိုင့် ၅၊ နှစ်ဆင့်ကွဲ ကျည်အမျိုးအစားသုံးကာ စက်သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီး ၅ ယောက် သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဆီကနေ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ငတရော်ကျေးရွာက အသက် ၆၀ ကျော်အရွယ်တွေဖြစ်တဲ့ ဒေါ်မြသင်း၊ ဒေါ်ခင်မာမြင့်၊ ဒေါ်လှစန်း၊ ဒေါ်စန်းဝင်းနဲ့ အသက် ၃၄ နှစ်အရွယ် မယုမွန်ချိုတို့ သေဆုံးခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုဖြစ်ဖြစ်ချင်း ၃ ယောက် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ညနေပိုင်းမှာ ၂ ယောက် ထပ်မံသေဆုံးခဲ့တာပါ။ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၅ ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သူတို့ထဲက တချို့ကလည်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံက “ငတ‌ရော်မှာ ၁ နာရီ ၂၀ လောက်က ကြဲသွားတာ။ သေဆုံးက ၅ ယောက်ရှိတယ်၊ ထိခိုက် ၇ ယောက်ရှိပါတယ်၊ ဒဏ်ရာရတဲ့သူတွေက နောက်ထပ် သေဆုံးနိုင်ဖို့ရာ ပြောလို့တော့ မရသေးဘူးပေါ့။ ဒါပေမဲ့ အခြေအနေတော့ ကောင်းပါတယ်။ အသက် ၇၀ အဘွားကြီးတယောက်က သူက ခြေထောက်တော့ ဖြတ်ရလောက်မယ်ထင်တယ်။ ကျန်တာကတော့ အမျိုးသားတယောက်ပါတယ်။ သူလည်း အခြေအနေကောင်းပါတယ်။ ဆုံးတဲ့သူတွေက အကုန်လုံး အမျိုးသမီးတွေပဲ။ ဖြစ်ဖြစ်ချင်းမှာဆုံးတာ ၃ ယောက်၊ နောက်ထပ် ထပ်ပြီး ဆုံးပါးသွားတာက ၂ ယောက်။ ဖြစ်တာက ရွာထဲဗျ ဟုတ်တယ်၊ စစ်ရေးအခြေအနေက ဘာမှမရှိဘဲနဲ့ အဲဒါချသွားတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်တပ်က မြန်မာနိုင်ငံနေရာအနှံ့ကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေပေါင်း ၂၀၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့ DVB က စုစည်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

မန္တလေးတိုင်းကို လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၄၁ ကြိမ် ပြုလုပ်ခဲ့ပြီး လူပေါင်း ၇၃ ယောက် သေဆုံးခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းက ဒုတိယအများဆုံး ၃၄ ကြိမ် လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူ ၄၃ ယောက် သေဆုံးခဲ့ပါတယ်။

ဩဂုတ်လ တလအတွင်း မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ပြည်သူ ၄၁ ယောက် သေဆုံးခဲ့ရပါတယ်။

စစ်တပ်ဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေထက် အရပ်သားတွေနေတဲ့ နေရာတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လေ့ရှိတယ်လို့ မိုးကုတ်မြို့က တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

“ဗုံးကြဲချမှုနဲ့ ပတ်သက်လို့ကတော့ ဘယ်နေရာကတော့ ဘယ်အကြမ်းဖက်သောင်းကျန်းသူတွေ ရှိတဲ့အတွက်ကြောင့်မလို့ပေါ့နော်၊ တော်လှန်ရေးတပ်ဖွဲ့တွေရှိလို့ ကြဲရတယ် ဆိုတာမျိုးတော့ သူတို့ဘက်က သတင်းလွှင့်ကြတယ်ပေါ့။ မြေပြင်မှာကတော့ ပြည်သူတွေပဲ အဓိက ထိခိုက်ဆုံးရှုံးရတာမျိုးပဲ ရှိပါတယ်။ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်နိုင်တာမျိုး မရှိဘဲနဲ့ အရပ်သား ပစ်မှတ်တွေကိုပဲ ထိခိုက်တာမျိုးတွေ အများစုရှိနေခဲ့ပါတယ်ဗျ။”

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေ့စဉ် ထိခိုက်သေဆုံးမှုတွေ များနေရတဲ့အတွက် ပြည်သူတွေအနေနဲ့ လေကြောင်းသတင်းတွေကို ဂရုတစိုက်နားထောင်ပြီး ဗုံးခိုကျင်းတွေ စနစ်တကျ တူးထားကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013