
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းပြန်နင်းမိလို့ ပေါက်ကွဲတာကြောင့် ဒုတပ်ရင်းမှူးတယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သစ်ဖြူကျေးရွာကနေ ကျားခေါင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းဟာ သြဂုတ် ၃၀ ရက်က သဲဖြူကျေးရွာမှာ စစ်ကောင်စီတပ်ကပဲ ထောင်ထားခဲ့တဲ့ မိုင်းကို ပြန်နင်းမိတာကြောင့် ခလရ ၆၃ ကျုံပျော်တပ်က အသက် ၂၉ ကျော်ကျော်အရွယ် ဒုတပ်ရင်းမှူး သေဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိတာလို့ သိရပါတယ်။
မြေပြင်ဖြစ်စဉ်ကို သိရှိတဲ့သူက “စစ်ကြောင်းထိုးဖို့ စထွက်ခဲ့ရင်း သဲဖြူကျေးရွာမှာ ကိုယ့်တပ်က ထောင်ထားတဲ့ မိုင်းကိုပြန်နင်းမိပြီး သေဆုံးသွားတာ။ ဆေးရုံတင်ပို့နေတုန်း သွေးထွက်အရမ်းလွန်ပြီး ဆုံးသွားတာ” လို့ ပြောပါတယ်။
သေဆုံးသူ ဒုတပ်ရင်းမှူးဟာ ခလရ ၆၃ က ဒုတပ်ရင်းမှူး သက်နိုင်ထွန်း ဆိုသူဖြစ်ပြီး ဒဏ်ရာရရှိသူတွေက စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစုဆောင်းခံထားရတဲ့ တပ်သား ၄ ယောက် ဖြစ်တယ်လို့ သိရပါတယ်။
ပုသိမ် အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူက “ဒဏ်ရာရတဲ့သူတွေကို ကျုံပျော်တပ်မှာပဲ ဆေးကုသပေးနေတယ်လို့ သိရတယ်။ သေဆုံးသွားတဲ့ ဒုတပ်ရင်းမှူးကတော့ စမိုင်းထိကတည်းက ပြင်းလွန်းတာကြောင့် ပုသိမ်အနောက်တောင်တိုင်း စစ်ဌာနချုပ် မဆရ ၄ ကို ပို့ဆောင်ရင်း လမ်းမှာ သေဆုံးသွားတာ” လို့ ပြောပါတယ်။
သေဆုံးသူ ဒုတပ်ရင်းမှူးရဲ့ အလောင်းကို ပုသိမ်ရွှေမြင် တင်မီးသင်္ဂြိုဟ်စက်ကို ပို့ဆောင်ထားပြီး စက်တင်ဘာ ၂ ရက် ဒီနေ့ နေ့လယ် မီးသင်္ဂြိုဟ်မယ်လို့ တပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။