Home
မြန်မာသတင်း
မြင်းမူတွင် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၃ ဦးထက်မနည်း သေဆုံး
DVB
·
September 1, 2025
Photo: Black Eagle Defence Force(MMU)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ သြဂုတ် ၃၀ ရက်က စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၁၃ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရှိခဲ့ကြသလို လက်နက်ခဲယမ်းတချို့လည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Black Eagle Defence Force (MMU) ဆီကနေ သိရပါတယ်။

Black Eagle Defence Force (MMU) ရဲ့ ပြန်ကြားရေးတာဝန်ခံက “မြောင်လမ်းခွဲကနေ ထွက်လာတဲ့ စစ်ကြောင်းကို ကျနော်တို့ဘက်က မဟာမိတ်တွေ ပေါင်းစုပြီး ပြောက်ကျားနည်းနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပကဖက ဦးဆောင်ပြီး Black Eagle Defence Force (MMU)၊ စစ်ကိုင်းခရိုင်တပ်ရင်း ၁ တပ်ခွဲ ၂၊ အာလကပ္ပတိုက်နယ်တပ်ဖွဲ့၊ တောချောင်းဦးတိုက်နယ်တပ်ဖွဲ့၊ မြင်းမူမြို့နယ် ပလဖ တပ်ဖွဲ့တို့  ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

Black Eagle Defence Force (MMU) ရဲ့ တာဝန်ခံ ကိုစံရှားက “မြောင်လမ်းခွဲမှာ အထိုင်ချနေတဲ့ ကောင်တွေက မုံရွာ-မန္တလေးလမ်းအတိုင်း အာလကပ္ပရွာဘက်ဆီ ရှေ့ပြေးခြေလျင်သမားတွေနဲ့ အာရာဖတ် ၁ စီးရယ်၊ ဖိုးဝှီး ၁ စီးရယ်နဲ့ အယောက် ၂၅ ယောက်က သူတို့အထိုင်ချထားတဲ့ ဂိတ်ကနေ စထွက်လာကတည်းက ပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ပြီး တက်လာတာကို ကြားဖြတ်တိုက်ခိုက်လိုက်တာ။ ရှေ့ကကားကို အာပီဂျီနဲ့ ထုလိုက်လို့ အဲဒီကားပေါ်ပါတဲ့ ကောင်တွေကတော့ အားလုံး သေတယ်။ အပြန်အလှန်ပစ်ခတ်တာတွေ ရှိခဲ့တယ်။ မြင်းမူဘက်ကနေ သူတို့စစ်ကူကား ၂ စီး ထွက်လာလို့ ကျနော်တို့ ပြန်ဆုတ်လာတာ။ နောက်မှ သိရတာက ကားပေါ် ပါလာတဲ့ကောင်တွေ အပါအဝင် ၁၃ ယောက် သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း မနည်းဘူး။ အဲဒီကောင်တွေက ဘယ်တပ်ကလဲ ဆိုတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က ကောင်တွေ များတယ်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) က ကောင်တွေလည်း ပါတယ်။ တိုက်ပွဲထဲမှာ ကျနော်တို့ဘက်က ရဲဘော်တယောက် ခြေထောက်ကို ကျည်ထိလို့ မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့သေးတယ်” လို့ DVB ကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်းကနေ MA11 သေနတ် ၂ လက်၊ ကျည်ဘောက်တခု၊ အီနာဂါဗုံးသီးတလုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြင်းမူမြို့နယ်အတွင်းက လမ်းပိုင်းတွေပေါ်မှာရှိတဲ့ စက်သုံးဆီ အရောင်းဆိုင်တွေမှာ ပြီးခဲ့တဲ့ ၂ နှစ်နီးပါးလောက်ကစလို့ အထိုင်ချ တပ်စွဲနေပြီး ခရီးသွား မော်တော်ယာဥ်တွေဆီကနေ ငွေကြေးတောင်းခံတာတွေအပြင် ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး သေဆုံး ဒဏ်ရာရမှု အခြေအနေ​ကိုတော့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်ဟာ ဩဂုတ် ၃၀ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ကလည်း မြင်းမူမြို့နယ်ထဲက ငါးကင်းမြောက်ကျေးရွာ ဘုရားဝန်းထဲကို စက်တပ်လေထီးနဲ့ ဗုံးကြဲခဲ့လို့ အမျိုးသား ၂ ယောက် သေဆုံးကာ ၆ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013