
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ သမင်ခြံရွာကို စစ်တပ်က ဩဂုတ် ၃၁ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲလို့ အမျိုးသမီးတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မွန်းလွဲ ၂ နာရီခွဲအချိန်မှာ ဂျက်တိုက်လေယာဉ်နဲ့လာရောက်ဗုံးကြဲတာဖြစ်ပြီး နွား ၁ ကောင်လည်း သေဆုံးခဲ့သလို လူနေအိမ် ၁ လုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ရွာတောင်ဖျား ဦးကြီးလှရဲ့အိမ်ပေါ်ကို တည့်တည့်ချသွားတာ။ ဗုံးသီးက ၂ လုံး ကြဲချသွားတာဗျ။ အဲလိုကြဲချလို့ ဦးကြီးလှအိမ်ကို အလည်လာတဲ့ မကြည်စိန် အသက် ၅၀ ခန့်ကတော့ နေရာတင် ကျည်စထိမှန်ပြီးသေဆုံးခဲ့ရတယ်။ ဉီးကြီးလှအိမ်ရဲ့ အရှေ့ဘက် ဉီးလှဉီးရဲ့ မီးဖိုချောင်လည်း ပျက်စီးတယ်။ နွားတကောင်လည်း သေဆုံးတယ်။ ဘာတိုက်ပွဲမှမရှိဘဲ ကြဲချသွားတာ” လို့ ပြောပါတယ်။
သမင်ခြံရွာဟာ အိမ်ခြေ ၅၀၀ ကျော်လောက်ရှိတဲ့ စံပြကျေးရွာဖြစ်ပြီး ကနီမြို့နယ်ထဲကို စစ်တပ်က ကနီမြို့ပေါ်အထိုင်စခန်းကနေ ထောက်လှမ်းရေးဒရုန်းတွေလွှတ်ပြီး အခုလို လေကြောင်းကနေ တိုက်ခိုက်နေတာလို့လည်း သိရပါတယ်။
ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “ဘယ်လိုပြောရမယ်ကိုမသိတော့ဘူး။ ဘလိုင်းကြီးကို ကြဲချသွားတာ။ ပုံမှန်လာနေတဲ့ လမ်းကြောင်းအတိုင်းလာပြီး ကြဲချသွားတာ မဟုတ်ဘူး။ မိတ္ထီလာရှမ်းတဲကနေ ယင်းမာပင်မြို့ဘက်ကနေ တက်လာပြီး လုပ်ချသွားတာပါ” လို့ ပြောပါတယ်။
ဩဂုတ် ၃၀ ရက်မနေ့ကလည်း ကနီမြို့နယ်၊ ရွာသာကျေးရွာကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ စက်တပ်လေထီးနဲ့လာပြီး ဗုံးကြဲခဲ့ပါသေးတယ်။