
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ရွာသစ်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေး အင်အားစုတွေက သြဂုတ် ၂၉ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ၁၅ ယောက်ထက်မနည်း သေဆုံး၊ လက်နက်ငယ် ၆ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။
အင်အား ၁၀၀ ကျော်ရှိတဲ့စစ်တပ်နဲ့ သြဂုတ် ၂၉ ရက်၊ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီကျော်ထိ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ၁၅ ယောက် သေဆုံး၊ အယောက် ၃၀ ကျော် ဒဏ်ရာရသလို MA 1 ၄ လက်၊ MA 2 ၁ လက်၊ MA 3 ၁ လက်၊ စုစုပေါင်း ၆ လက်နဲ့ ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ရှမ်းတောင်၊ ကရင်နီစစ်တိုင်း၊ ဗျူဟာ အမှတ် ၁၁ ပြန်ကြားရေး တာဝန်ရှိသူက “အကြမ်းဖက်စစ်ကောင်စီက ၂၀၂၅ ခုနှစ် သြဂုတ်လဆန်းပိုင်းထဲက ဒီးမော့ဆိုဘက်ကို စတင် စစ်ကြောင်းထိုးနေတာပါဗျ။ ခုကတော့ ငြိမ်နေပါတယ်” လို့ ပြောပါတယ်။
တိုက်ခိုက်ရေးမှာ ရှမ်းတောင်၊ ကရင်နီစစ်တိုင်း၊ ဗျူဟာ ၁၁၊ ကရင်နီက တော်လှန်ရေးတပ်ပေါင်းစုတွေ၊ ရှမ်းတောင်ဒရုန်းတပ်ဖွဲ့၊ ဗျူဟာ ၁၁ ဒရုန်းတပ်ဖွဲ့၊ DMO Local ဒရုန်းတပ်ဖွဲ့၊ UAV ဒရုန်းတပ်ဖွဲ့၊ KNA ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းပါဝင်တိုက်ခိုက်တာဖြစ်တယ်လို့ သိရပါတယ်။
ဗျူဟာ အမှတ် ၁၁ ပြန်ကြားရေး တာဝန်ရှိသူက “အကြမ်းဖက်စစ်ကော်မရှင်က ဒီးမော့ဆိုဘက်ကနေ ဖရူဆို၊ ဘောလခဲဘက်မှာရှိတဲ့ သူတို့လူတွေဘက်ကို ရိက္ခာနဲ့ လက်နက်ခဲယမ်း ဖြည့်တင်းဖို့ သူတို့လမ်းကြောင်းဖောက်နေတာ” လို့ ပြောပါတယ်။
အခုလက်ရှိမှာတော့ အထိနာနေတဲ့ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့အတွက် တော်လှန်ရေး အင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်တပ်ဘက်က သေဆုံးတာတွေရှိနေပါတယ်။