
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ငါးကင်းမြောက်ရွာက ဘုန်းကြီးကျောင်းကို ဩဂုတ် ၃၀ ရက် ဥပုသ်နေ့မှာ စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ဥပုသ်စောင့်ဖို့လာတဲ့ အမျိုးသား ၂ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မုံရွာမြို့မှာရှိတဲ့ အနောက်မြောက်ပိုင်း စစ်ဌာနချုပ်ကနေ လာရောက်တဲ့ စက်တပ်လေထီးတွေက နေ့လယ် ၁၂ နာရီမှာ ဗုံးကြဲတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ကျနော်တို့ ရွာက ဘုန်းကြီးကျောင်းဝင်းအတွင်းကို ကြဲချသွားတာဗျ။ ဘာလို့စစ်တပ်က ဗုံးကြဲတာလဲတော့မသိဘူးလေ။ မြေပြင်မှာတော့ ဒီနေ့က ဝါတွင်းကာလ ဥပုသ်နေ့ဆိုတော့ ဘုန်းကြီးကျောင်းမှာ သီတင်းသီလ ဥပုသ်လာယူတဲ့ သူတွေပဲရှိတာပဲ။ ကျန်တာကတော့ ဘာမှမရှိဘူး။ ဘာမရှိဘဲနဲ့ကို ဗုံးသီးကြဲချတာဗျ။ အခုလို ဗုံးကြဲလို့ ဥပုသ်စောင့်တဲ့ အသက် ၄၀ ဝန်းကျင် အမျိုးသား ၂ ဦး သေဆုံးပြီး ကိုရင် ၁ ပါး အပါအဝင် ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်။ ဘုန်းတော်ကြီးကျောင်းလည်း ပျက်စီးမှုတွေရှိတယ်” လို့ ပြောပါတယ်။
ဗုံးကြဲခံရပြီးနောက် ဒေသခံတချို့ဟာ ရွာကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့လည်း သိရပါတယ်။
ရပ်ကျေး ပကဖ အဖွဲ့ဝင်တယောက်က “ပြောစရာစကားကို မရှိတော့ပါဘူး။ ဘာမှမရှိဘဲကို ကြဲချသွားတာ။ ဒီစစ်တပ်က အကြမ်းဖက်လုပ်ငန်းတွေ လုပ်နေတာလည်း ခင်ဗျားတို့ လက်တွေ့မြင်နေရတာပဲ။ သူတို့ဘက်က ဒီလိုလုပ်လေ ကျနော်တို့ဘက်က စစ်ကို ဆက်တိုက်ရမယ်လို့ ခံယူချက်ပြင်းထန်လေပါပဲ။ ကျနော်တို့ ဒဏ်ရာရတဲ့သူတွေကို ကူညီမှုတွေပေးနေပါတယ်” လို့ ပြောပါတယ်။
ငါးကင်းမြောက်ရွာနဲ့ ငါးကင်းတောင်ရွာဟာ မြင်းမူမြို့နယ်နဲ့ အရာတော်မြို့နယ်အစပ်မှာ တည်ရှိပြီး အိမ်ခြေ ၁,၀၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။