
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ဂုတ်ထိပ်တံတားနဲ့ အနီးတဝိုက်ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့ ဩဂုတ် ၃၀ ရက် ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်တပ်က ဇူလိုင်လက သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ဩဂုတ် ၁၉ ရက်ကစလို့ နောင်ချို - ဂုတ်တွင်း လမ်းကြောင်းနဲ့ နောင်ချို - ဂုတ်ထိပ် မီးရထားလမ်းကြောင်း ဆိုပြီး စစ်ကြောင်း ၂ ခုခွဲတိုက်ခိုက်ခဲ့တာ ဖြစ်သလို ဩဂုတ် ၂၈ ရက်မှာ ဂုတ်ထိပ် ရှုခင်းသာဘက်ကို ထိန်းချုပ်ခဲ့တယ်လို့ ရေးသားဖော်ပြထားတာပါ။
စစ်တပ်ရဲ့သတင်း ထုတ်ပြန်ချက်မှာ စစ်ဆင်ရေးကာလ ၁၂ ရက်အတွင်း တိုက်ပွဲကြီးငယ် ၄၇ ကြိမ် ဖြစ်ပွားခဲ့ပြီးတော့ လက်နက်မျိုးစုံ ၂၃ လက်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့လည်း ပါရှိပါတယ်။
ဒါ့အပြင် ဂုတ်တွင်းတံတားကို အများပြည်သူသွားလာရေးအတွက် စစ်အုပ်စု အင်ဂျင်နီယာ တပ်ဖွဲ့တွေက ယာယီသံပေါင်ဘေလီ တံတားထိုးတဲ့လုပ်ငန်းတွေဆောင်ရွက်နေတယ်ဆိုပြီး ဖော်ပြထားပါသေးတယ်။
ဒါပေမဲ့ အဲဒီလို တံတားထိုးတာဟာ စစ်တပ်ရဲ့ ထောက်ပို့လမ်းကြောင်း ပိုအဆင်ပြေစေဖို့ လုပ်တာလို့ ဝေဖန်တာတွေရှိနေပါတယ်။
သဘာဝအမွေအနှစ်အဖြစ် ကြေညာသတ်မှတ်ခံထားရတဲ့ ရှမ်းပြည်မြောက်ပိုင်းက ဂုတ်ထိပ်တံတားဖျက်ဆီးခံရမှုဟာ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တာဖြစ်တဲ့အတွက် ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဩဂုတ် ၂၉ ရက်မှာ ကြေညာထား ပါတယ်။