Home
မြန်မာသတင်း
ဒီးမော့ဆို-ဖရူဆို ကားလမ်းမကြီးတွင် တိုက်ပွဲဖြစ်
DVB
·
August 28, 2025

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့ကို ရောက်နေတဲ့ စစ်တပ်စစ်ကြောင်းဟာ ဒီရက်ပိုင်း ဖရူဆိုမြို့နားက ရွာတွေဘက်ဆီ စစ်ကြောင်းထိုးနေတဲ့အတွက် ဒီးမော့ဆို-ဖရူဆို ကားလမ်းမကြီးတဝိုက်မှာ တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်နေတယ်လို့ ဒီးမော့ဆိုမြို့မှာရှိနေတဲ့ DVB ရဲ့ စစ်ရေးသတင်းမြစ်က ပြောပါတယ်။

ဒီးမော့ဆိုမြို့ကို သိမ်းနိုင်ပြီလို့ စစ်တပ်ပိုင် မီဒီယာတွေကနေ ကြေညာခဲ့ပေမဲ့ မြေပြင်မှာတော့ မြို့ရဲ့ တဝက်နီးပါးလောက်ပဲ စစ်တပ်က ထိန်းထားနိုင်တာဖြစ်ပြီး လက်ရှိ ဒီးမော့ဆိုမြို့ကနေ ဖရူဆိုမြို့ထဲမှာ ပိတ်မိနေတဲ့ တပ်တွေဆီ သွားပူးပေါင်းဖို့အတွက် ဒီးမော့ဆို-ဖရူဆို ကားလမ်းမကြီးဘက်ကို စစ်ကြောင်းတကြောင်း ထွက်လာတာလို့ စစ်ရေးရင်းမြစ်က ရှင်းပြပါတယ်။

ဖရူဆိုမြို့နယ်ထဲမှာ ခမရ ၅၃၁၊ ခမရ ၄၂၈ တပ်ရင်းတွေနဲ့ အမှတ် ၁၄ လေ့ကျင့်ရေးကျောင်း ရှိနေသေးပြီး ဒီးမော့ဆိုကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ပူးပေါင်းဖို့ ဖရူဆိုမြို့နယ်ထဲကနေလည်း စစ်ကူစစ်ကြောင်း ထပ်ထွက်လာတဲ့အတွက် တော်လှန်ရေး တပ်ပေါင်းစုတွေနဲ့ ကားလမ်းမကြီးတဝိုက်မှာ တိုက်ပွဲတွေ ဖြစ်နေတာပါ။

စစ်ရေးရင်းမြစ်တယောက်က “အခု သူ (စစ်ကြောင်း) က ထီးပေါ်ဆိုရွာအထိ တဖွဲ့ရောက်တယ်။ ဒီဘက် ဖရူဆိုကနေဆိုရင် ထီးကလူဒေါ(ရွာ)မှာပေါ့၊ သူ(စစ်ကြောင်း)နှစ်ဖွဲ့က ချိတ်တော့ မချိတ်မိသေးဘူး။ ရွာတွေရဲ့ကြားထဲမှာ ကျနော်တို့က ဖြတ်တိုက်နေတဲ့ အနေအထားပေါ့။ ဒီးမော့ဆိုမြို့ကတော့ ပြန်ချုပ်ရမယ်ဆိုရင် ဒီးမော့ဆိုကတော့ သူ(စစ်တပ်)က မြို့တခြမ်း လောက်တော့ ရနေပါပြီ။ ရပြီးတော့ ဖရူဆိုဘက် ထွက်တယ်။ သူ့(စစ်တပ်)တပ်တွေကလည်း ဖရူဆိုထဲကနေ တဖွဲ့ထွက်တယ်။ နောက် ဒီးမော့ဆိုကနေလည်း တဖွဲ့ထွက်တယ်။ အဲ့နှစ်ဖွဲ့က ဆုံတော့မယ့် အခြေအနေမျိုးမှာ ရှိနေတယ်” လို့ ပြောပါတယ်။

ဒီးမော့ဆို-ဖရူဆိုနားတဝိုက်က တိုက်ပွဲတွေကြောင့် ဒီရက်ပိုင်းထဲမှာ ဒီးမော့ဆိုမြို့နဲ့ မော်ချီးဒေသဘက်တွေမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း မြင့်တက်လာနေပါတယ်။

သြဂုတ် ၂၆ ရက်က  ဒီးမော့ဆိုမြို့နယ်ထဲက စစ်ရှောင်စခန်းတခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ယောက် ဒဏ်ရာရခဲ့ပြီး မော်ချီးဒေသမှာလည်း လူစည်ကားတဲ့ ၁၆ ကုန်းရပ်ကွက်နဲ့ ပြည်သူ့ဆေးရုံကို ဗုံးကြဲခဲ့လို့ အရပ်သား အယောက် ၃၀ ကျော် သေဆုံးခဲ့ပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်ထားပါတယ်။

အခုလို အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတာတွေနဲ့ မြေပြင်မှာ လတ်တလော အင်အားအလုံးအရင်းနဲ့ ရွာတွေကို စစ်ကြောင်းထိုးနေတာဟာ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲအပေါ်  ပြည်သူတွေ အကြောက်တရားနဲ့ အာရုံစိုက်လာအောင် လုပ်နေတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ IEC အတွင်းရေးမှူး ၂ ကိုဗညားက သုံးသပ်ပြောပါတယ်။

“ကျနော် အခါအားလျော်စွာ ပြောချင်တာက ဒီဟာ(လေကြောင်းတိုက်ခိုက်မှု) က လူထုတွေကို ခြိမ်းခြောက်ပြီးတော့ အုပ်ချုပ်နိုင်ဖို့အတွက် လုပ်တဲ့ စနစ်တခု ဖြစ်တယ်။ လူမှုစီးပွား ပျက်စီးအောင် လုပ်တယ်။ လူတွေ နေရာတနေရာတည်းမှာ နေလို့မရအောင် လုပ်တယ်။ လူတွေကို ခုနကပြောသလို အမြဲပြောင်းရွှေ့ပြီးတော့မှ အတိဒုက္ခရောက်အောင် လုပ်တဲ့နည်း ဖြစ်တယ်။ လူတွေကို အကြောက်နဲ့ ခြိမ်းခြောက်တာပေါ့။ ပြီးတော့မှ သူတို့ရဲ့ ရွေးကောက်ပွဲနေရာတွေ သူတို့ နိုင်ငံတကာကိုလည်း ကြေညာထားပြီးသားလေ၊ ဒီမှာ (ကရင်နီ) ရှိတဲ့ ၇ မြို့နယ် ၈ မြို့နယ်မှာ သူတို့ ရွေးကောက်ပွဲလုပ်မယ် ပြောထားတဲ့အတွက်ကြောင့် ဒီနယ်မြေတွေကို စစ်ကြောင်းထိုးပြီးတော့မှ သိမ်းပိုက်ဖို့ ကြိုးစားနေတာပေါ့။ အဲဒီထဲမှာမှ လေကြောင်းအသုံးပြုနေတာတွေ ရှိတယ်။ ဒီလိုမျိုး အကြောင်းရင်းတွေကြောင့် ကျနော်တို့ပြည်နယ်ကို ပိုပြီးတော့ အာရုံစိုက် တိုက်ခိုက်တာလို့ ကျနော်တို့ ပြောလို့ရတယ်။”

လက်ရှိ ဒီးမော့ဆို-ဖရူဆို ကားလမ်းမကြီးတဝိုက်က ရွာတွေဖြစ်တဲ့ ထူလွီးဘီလာရွာ၊ ငွေတောင်ရွာသစ်၊ ကဒါးလားရွာ၊ ထီးပေါ်ဆိုရွာနဲ့ ထီးသော်ကူးရွာတွေမှာ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေရှိလို့ ရွာခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ထားတယ်လို့ ဆိုပါတယ်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဘက်ကတော့ မြေပြင် စစ်ရေးအခြေအနေတွေကြောင့် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း သြဂုတ် ၁၀ ရက်က ထုတ်ပြန်ထားပါတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013