
ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က ရှေ့တန်းမှာ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့က ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ တပ်ရင်းက သြဂုတ် ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရဲဘော် ကြက်ဖ၊ ရဲဘော် ဂျိမ်း၊ ရဲဘော် ကောင်းကောင်းတို့ သြဂုတ် ၁၄ ရက်က စစ်တပ်နဲ့ တိုက်ပွဲပြင်းနေတဲ့ ဖားဆောင်းရှေ့တန်းမှာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက “တိုက်ခိုက်ရေး ရဲဘော်တွေပါ။ တိုက်ခိုက်ရေးမှတင် မဟုတ်ပါဘူး၊ လိုအပ်တဲ့ ဘဏ္ဍာရှာဖွေရေးရော အခြားကဏ္ဍတွေမှာလည်း အားလုံးပါဝင်ပေးဖူးပါတယ်။ အဓိကကတော့ တိုက်ခိုက်ရေးလုပ်ကြတဲ့ သူတွေပါ။ တိုက်ပွဲထဲမှာ ကျသွားတာပါ” လို့ ပြောပါတယ်။
အခုလက်ရှိမှာ စစ်တပ်ရဲ့ ဖားဆောင်းမြို့အခြေစိုက် ခလရ ၁၃၅ စခန်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး နှစ်ဖက် အထိအခိုက် အကျအဆုံးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“တိုက်ပွဲက ဖြစ်လိုက် နားလိုက်ပဲ၊ ဆက်သွားနေတာမလို့ ဘာမှတော့ မထုတ်ပြန်သေးပါဘူးဗျ။ တိုက်ပွဲက စကစနဲ့ ဆိုင်ထားပြီး ဖြစ်လိုက် နားလိုက်ပါဗျ” လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲရှေ့တန်းနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး တိုက်ပွဲမရှိဘဲ ပြည်သူတွေနေထိုင်တဲ့ မော်ချီးဒေသကိုလည်း လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်လို့ သြဂုတ်လအတွင်း ပြည်သူ အယောက် ၃၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိသလို ဆေးရုံနဲ့ နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။