Home
မြန်မာသတင်း
ပုလဲမြို့နယ်က စစ်ရှောင်ပြည်သူ ၂၀,၀၀၀ နီးပါး စားနပ်ရိက္ခာ အခက်ကြုံနေ
DVB
·
August 25, 2025

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ပြည်သူ ၂၀,၀၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေကြရတာ ၂ လဝန်းကျင် ရှိလာပြီး စားနပ်ရိက္ခာ အခက်အခဲတွေ ကြုံနေရပါတယ်။

ပုလဲမြို့နယ်က ကန့်ဒေါင့်ရဲစခန်းကို ဇွန် ၂ ရက်ကစလို့ PLA ဦးဆောင်တဲ့ တော်လှန်ရေး တပ်ပေါင်းစုက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပြီး ဇွန် ၁၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ကန့်ဒေါင့်ရဲစခန်းတိုက်ပွဲ စတင်ကတည်းက အနီးနားဝန်းကျင် ကျေးရွာ ၈ ရွာဝန်းကျင်က ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေခဲ့ကြရပြီး စစ်ဘေးရှောင်ကာလ ၂ လဝန်းကျင်ရှိပြီလို့ စစ်ဘေးရှောင်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

ကန်ဒေါင့်တိုက်ပွဲ ပြီးကတည်းက အင်မထီး ပျူစောထီးကျေးရွာကနေ စစ်ကောင်စီတပ်သား အင်အား ၂၀၀ နီးပါးနဲ့ အနီးဝန်းကျင်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေလို့ နောက်ထပ် ကျေးရွာ ၆ ရွာက ပြည်သူတွေ ထပ်မံ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာအပြင် ကျေးရွာတွေကို မီးရှို့တာ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တာတွေ လုပ်ဆောင်နေပြီး ဩဂုတ် ၂၅ ရက်မှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲသံကြောင့် ကျောက်ဆင်းရွာက ကလေးမွေးပြီးစ မိခင်တယောက် သွေးလန့်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုလဲမြို့နယ်မှာ စစ်ဘေးရှောင် ကူညီပေးနေသူတယောက်က “ကန့်ဒေါင့်စခန်းသိမ်းနောက်ပိုင်းလေ သူတို့ ကန့်ဒေါင့်ကို ပြန်လုံးဖို့ရာ လုပ်ရင်းနဲ့ အင်မထီးထဲမှာ အင်အားစုတာကို လေယာဉ်နဲ့ ခနတိုင်းချတယ်၊ ပစ္စည်းထုပ်တွေရော လူတွေရော။ အင်မထီးကနေ ဦးနှောက်ရွာကို ဝင်တယ်၊ အင်မထီးကနေ နောက်တရက်ကျတော့ ချောင်းနားကို ဝင်တာပေါ့။ ချောင်းနားကနေမှ နှောရိုး၊ နှောရိုးမှာကျတော့ သူတို့ မီးစရှို့တော့တာပဲ။ အဲ့ကနေ မင်းတိုင်ပင်၊ မင်းတိုင်ပင်ကနေ တမြန်မနေ့က လက်ပုကန်ကို ရောက်တယ်။ လက်ပုကန်ကနေမှ ဒီကနေ့ဆို သူတို့ လှည်းတန်းနဲ့ ပစ္စည်းယူပြီး တချို့ကတော့ ဇီးဖြူကုန်းဘက်ကို ပြန်တယ်၊ တချို့ကတော့ ဆက်တက်လာတာပေါ့” လို့ ပြောပါတယ်။

ပုလဲတမြို့နယ်တည်းတင် နေရာရွှေ့ကာ တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူ ၂၀,၀၀၀ ဝန်းကျင်ရှိပြီး နေစရာနဲ့ စားနပ်ရိက္ခာ အခက်အခဲတွေလည်း ကြုံနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။

စစ်ကောင်စီက ဩဂုတ်လ ပထမအပတ်ကစပြီး မန္တလေးမြို့အထွက် စစ်ကိုင်းတိုင်းဘက်ကို ဝင်တဲ့ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေမှာ အစားအသောက်၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းတွေ အပါအဝင် ကုန်ပစ္စည်း ၈ မျိုးကို ကန့်သတ်လိုက်တဲ့အတွက် စစ်ဘေးရှောင်တွေအတွက် ရိက္ခာသယ်ယူရ ခက်ခဲနေပြီး စားနပ်ရိက္ခာ အခက်အခဲတွေလည်း ပိုကြုံလာနိုင်တယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်တွေဟာ နီးစပ်ရာကျေးရွာတွေက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေနဲ့ လယ်ကွင်းတွေမှာ နေထိုင်နေကြရပြီး မိုးရွာတဲ့အခါ ပိုခက်ခဲနိုင်တယ်လို့ ပုလဲဒေသခံတယောက်က ပြောပါတယ်။

ပုလဲမြို့နယ် ဒေသခံတယောက်က “စစ်ကြောင်းနဲ့ လွတ်ရာရွာတွေမှာ  ကပ်နေနိုင်တဲ့ နေလို့ဖြစ်တဲ့ သူတွေကတော့ အမိုးအကာတော့ အဆင်ပြေမယ်ပေါ့။ တောထဲနေတဲ့သူတွေကတော့ အမိုးအကာ အခက်အခဲဖြစ်မယ်၊ ချက်စားဖို့ စားရေးသောက်ခါကတော့ အိမ်တွေက ဆန်တွေဘာတွေတော့ သယ်လာတယ်။ ထမင်းချက်ဖို့ကတော့ ဖြစ်သလိုချက်နေရတယ်။ ကျန်းမာရေး စောင့်ရှောက်မှုကတော့ လိုလာမှာပေါ့။ တောတွေထဲနေရတဲ့အတွက် ရာသီဥတုဒဏ် မိုးဒဏ်ကြောင့် နေမကောင်း ဖျားနာဖြစ်ရင် ကျန်းမာရေးအတွက်တော့ လိုလာမယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်‌ မနက်ပိုင်းကလည်း ပုလဲမြို့ထဲနဲ့ ၆ မိုင်ဝန်းကျင်သာဝေးတဲ့ မင်းတိုင်ပင်ရွာကို စစ်ကြောင်းက မီးရှို့ခဲ့တဲ့အတွက် မင်းတိုင်ပင်ကျေးရွာဈေး အပါအဝင် အိမ်ခြေ ၆၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013