Home
မြန်မာသတင်း
ပုလဲတွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ထောင်ချီ စစ်ရှောင်
DVB
·
August 25, 2025

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်က ဩဂုတ် ၂၄ ရက် မနက်က စစ်ကြောင်း ၃ ကြောင်း ခွဲထိုးပြီး လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့ အမျိုးသမီးတယောက် သေဆုံးပြီး ပြည်သူထောင်နဲ့ချီ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မင်းတိုင်ပင်ရွာ ယာယီအထိုင်စခန်းကနေ စစ်ကြောင်းတကြောင်း၊ နှောကန်ရွာကနေ စစ်ကြောင်းတကြောင်းနဲ့ ပုလဲမြို့ပေါ်ကနေ စစ်ကြောင်းတကြောင်း စုစုပေါင်း စစ်ကြောင်း ၃ ကြောင်းနဲ့ ပုလဲမြို့နဲ့ ကန့်ဒေါင့်ရွာကြားကို စစ်ကြောင်းထိုးနေတာလို့လည်း ဆိုပါတယ်။

ကြောင်သန်းရွာသူတယောက်က “ဘယ်ကိုပြေးလို့ ပြေးရမှန်းကို မသိတော့ဘူး။ ငိုသာငိုချင်ပါတယ်။ ကလေးတွေရော၊ အဘိုးအို၊ အမယ်အိုတွေရော၊ နွားတွေရောဆိုတော့ ဘာလုပ်လို့လုပ်ရမှန်းကို မသိတော့ဘူး။ စစ်ကြောင်းက ၃ ကြောင်းတဲ့။ မင်းတိုင်ပင်ရွာကနေ စစ်ကြောင်း၊ ပုလဲကနေ စစ်ကြောင်းတကြောင်းနဲ့ နှောကန်ရွာက စစ်ကြောင်တကြောင်းတဲ့။ အဲလိုကြီးကို စစ်ကြောင်းထိုးနေတာ။ ပစ်လိုက်တဲ့ လက်နက်ကြီးတွေကလည်း တအုန်းအုန်း၊ တဒုန်းဒုန်းပဲ။ မနက်ကဆိုရင် စစ်တပ်က လက်နက်ကြီးနဲ့ ကြောင်သန်းရွာဘက်ကို ပစ်လို့ ရွာထဲကျပြီး ပေါက်ကွဲတယ်။ အဲဒီလို လက်နက်ကြီးကျလို့ မီးဖွားပြီး ၄ ရက်ပဲရှိသေးတဲ့ ကလေးအမေတဦး သွေးလန့်ပြီး သေဆုံးတယ်။ အမည်က မရီခိုင်ပါ။ နောက်ပြီး နွားတကောင်လည်း သေဆုံးတယ်။ ဘယ်စစ်ကြောင်းက ပစ်တာလဲဆိုတော့ မင်းတိုင်ပင်ရွာဘက်က ထွက်လာတဲ့ စစ်ကြောင်းက ပစ်တာရှင့်” လို့ ပြောပါတယ်။

စစ်ကြောင်းထွက်လာလို့ နေရပ်စွန့်ခွာနေကြရတဲ့ ကျေးရွာတွေဟာ ကြောင်သန်းရွာ၊ နှောကန်ရွာ၊ မကျီးကုန်းရွာ၊ စပါးစေ့ရွာ၊ လက်ပုကန်ရွာ၊ စေတီယုံရွာ စတဲ့ စစ်ကြောင်းဦးတည်ရာ တည့်တည့် ကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်ကနေ ထွက်ပြေးနေကြရတာလည်း ဖြစ်ပါတယ်။

ပုလဲမြို့နယ်ဒေသခံ တော်လှန်ရေးခေါင်းဆောင်တယောက်က “ကြောင်သန်းရွာက မွေးပြီးခါစ ၄ ရက်တာရှိသေးတဲ့ ကလေးအမေတဦး စစ်တပ်ကပစ်တဲ့ လက်နက်ကြီးအသံ ကြားပြီး သွေးလန့်ကာ နှလုံးရပ်ပြီး သေဆုံးတာ ဟုတ်ပါတယ်ဗျ။ ပုလဲမြို့ပေါ် စစ်ကြောင်းကလည်း မနက်က မြို့အပြင်ကို အထွက်ပြ‌သေးတယ်။ နောက်တော့ မြို့ထဲပြန်ဝင်သွားတယ်။ မင်းတိုင်ပင်ကတော့ စစ်ကြောင်းတဝက်ထွက်ပြီး တဝက်က အဲဒီရွာမှာပဲ ချန်နေတာ ရှိသေးတယ်။ ဒီနေ့ညနေအထိ နောက်ဆုံးရထားတာက မင်းတိုင်ပင်က ထွက်ခဲ့တဲ့ စစ်ကြောင်းနဲ့  နှောကန်ရွာက ထွက်ခဲ့တဲ့ စစ်ကြောင်းပေါင်းပြီး လက်ပုကန်ရွာ ဒီည ညအိပ်နေတယ်။ စစ်ကြောင်းက ပုလဲမြို့အထိသွားမယ်လို့တော့ သတင်းရထားတယ်။ စစ်ကြောင်းမှူး ဗိုလ်တဦးကို ပုလဲမြို့ကို လိုက်ပို့တာလို့လည်း သိထားရတယ်။ စစ်ရေးအခြေအနေကတော့  စောင့်ကြည့်အနေအထားလို့ပဲ ပြောလို့ရမယ်။ ပြည်သူတွေ အနေနဲ့လည်း တိုက်ပွဲက အချိန်မရွေး ဖြစ်လာနိုင်တာကြောင့် တိုက်ပွဲဖြစ်ပွားရာ အနီးအနားကနေ လွတ်ရာကို အမြန်ဆုံးရှောင်တိမ်းပါ။ စစ်တပ်က လေယာဉ်နဲ့ အချိန်မရွေး တိုက်ခိုက်လာနိုင်ပါတယ်” လို့ ပြောပါတယ်။

စစ်တပ်က ပုလဲမြို့နယ်အတွင်းက ကန့်ဒေါင့်ရွာ နယ်မြေခံရဲစခန်းကို လက်လွှတ်‌ပေးလိုက်ရပြီး နောက်ပိုင်း အင်အားအလုံးအရင်းနဲ့ မြေပြင်ကနေ ထိုးစစ်ဆင်နေသလို ဝေဟင်‌ကနေပါ လေယာဉ်မျိုးစုံ အပါအဝင် စက်တပ်လေထီးယာဉ်နဲ့ပါ ဗုံးကြဲ ပစ်ကူပေးပြီး  ထိုးစစ်ဆင် တိုက်ခိုက်နေတာလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024