မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ ၁ နယ်မြေ၊ ငှက်ပျောတောကျေးရွာ၊ ချမ်းမြေ့စုဘုန်းကြီးကျောင်းကို ဩဂုတ် ၂၄ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်က ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၂ ပါး ပျံလွန်တော်မူပြီး ၅ ပါး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ကျောင်းထိုင်ဆရာတော်အပါအဝင် သံဃာတော်တွေ ဆွမ်းစားပြီးချိန် စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၂ လုံး ကြဲတိုက်ခိုက်ခဲ့ရာ ၁ လုံးကျရောက်ပေါက်ကွဲပြီး ၁ လုံးက မပေါက်ကွဲပဲ ကျန်ရှိနေတယ်လို့ ဆိုပါတယ်။
စစ်ရေးသတင်းရင်းမြစ်က “ဘုန်းကြီးတွေက ဆွမ်းစားတဲ့အချိန်။ ဆွမ်းစားပြီးလို့ ဘုန်းကြီးကျောင်းထဲမှာ စုပြီးထိုင်နေတယ် ပြောတယ်။ အဲအချိန် လာကြဲချသွားတာ။ တိုက်အုပ်ဆရာတော် အပါအဝင် အားလုံး ၇ ပါးထိတာ။ ကျောင်းထိုင် ဆရာတော်က ဘာမှ မဖြစ်ဘူး။ အခု ပျံလွန်တော်မူတဲ့ ၂ ပါးမှာ ၁ ပါးက နေရာမှာတင် ပွဲချင်းပြီးတယ်၊ ၁ ပါးက ဆေးရုံရောက်မှ ပျံလွန်တော်မူသွားတယ်။ နောက်ထပ် ၁ ပါးက ထပ်ပြီး စိုးရိမ်ရတယ်။ ခြေထောက်ပြတ်သွားတဲ့ ဘုန်းကြီးတွေလည်း ရှိသေးတယ်။ ၅ ပါးလုံးက ပြင်းထန် ဒဏ်ရာရတယ်၊ စိုးရိမ်ရတယ်။ အရပ်သားတွေတော့ မထိခိုက်ဘူး” လို့ ပြောပါတယ်။
ကျိုက်ထိုမြို့နယ်အတွင်းက ညောင်ဒေါင့် ရှမ်းစု၊ တောင်သူစု၊ ကရဝေဆိပ်၊ ငှက်ပျောတော စတဲ့ ကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတာ၊ မြေပြင်ကနေ လက်ကြီးပစ်ခတ်တာတွေ မကြာခဏပြုလုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက် မနက် ၉ နာရီကျော်လောက်ကလည်း ကျိုက်ထိုမြို့နယ်၊ ပျဥ်းကတိုးကုန်း ကျေးရွာအုပ်စု၊ ပိန္နဲကုန်းရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၁ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၁ ယောက်သေဆုံးပြီး ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။