Home
မြန်မာသတင်း
မော်ချီးတွင် စစ်တပ်က ဗုံးကြဲသဖြင့် ၈ လအတွင်း ပြည်သူ ၆၃ ဦးသေဆုံး
DVB
·
August 24, 2025

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က မော်ချီးဒေသကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်တာကြောင့် ၂၀၂၅ ခုနှစ် ၈ အတွင်း ပြည်သူ ၆၃ ယောက်အထိ သေဆုံးခဲ့ရပြီး ပြည်သူတချို့ နေရာရွှေ့ပြောင်းတာတွေရှိတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက အတည်ပြု ပြောပါတယ်။

သြဂုတ်လအတွင်း လေကြောင်းကနေ ဗုံး ၃ ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးသူငယ် အပါအဝင် ပြည်သူ ၃၅ ယောက်အထိသေဆုံးပြီး ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရသလို ဆေးရုံနဲ့ လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

IEC အတွင်းရေးမှူး ၂ ဦးဗညားက “အရင်လကတည်းက ပြန်တာရှိတယ်။ ဒီလလည်း တချို့ ရွှေ့ကြ၊ ပြန်ကြတာရှိတာပေါ့နော်။ တချို့က လွိုင်ကော်ဘက်ပြန်တာမဟုတ်ဘူး၊ စစ်ရှောင်တဲ့အနေနဲ့ တခြားနေရာမှာ ရွှေ့ပြီးနေတာရှိပါတယ်။ အခုရက်ပိုင်းလည်း တချို့က ရွာကိုပြန်ကြတယ်”လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ မော်ချီးကို ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်ကစပြီး သြဂုတ် ၂၀ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၁၃ ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတာကြောင့် ဇူလိုင်လနဲ့ သြဂုတ်လအတွင်း ပြည်သူတွေ နေရပ်ပြန်ကြသလို စစ်ထပ်ရှောင်ကြတာလည်း ရှိနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ကရင်နီပြည်နယ်ထဲက ဖားဆောင်း၊ ဘောလခဲ၊ ဒီးမော့ဆိုမြို့နယ်တွေကို သြဂုတ်လအတွင်း လက်နက်ကြီးနဲ့ပစ်ခတ်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက် လုပ်နေတာကြောင့် ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ လေယာဉ်သံကြားတာနဲ့ လန့်နေရတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024