
ရှမ်းပြည်နယ်မြောက်ပိုင်းက မိုင်းငေါ့မြို့နယ်ကို စစ်တပ်က ဗုံးကြဲတာကြောင့် ကလေးငယ် ၁ ယောက် သေဆုံးပြီး သံဃာတော်အပါအဝင် ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA) က ဩဂုတ် ၂၂ ရက် ညမှာ ထုတ်ပြန်ပါတယ်။
တအာင်းပြည်၊ တပ်မဟာ ၁ နယ်မြေ၊ မိုင်းငေါ့မြိုနယ်၊ ကွန်စလမ်းရွာ ဘုန်းကြီးကျောင်းကို ဩဂုတ် ၂၂ ရက် ညနေ ၃ နာရီခွဲကျော်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်တာလို့ ဆိုပါတယ်။
ဗုံးဒဏ်ကြောင့် ကလေးငယ် ၁ ယောက် သေဆုံးပြီး သံဃာတော် ၂ ပါး၊ ကိုရင် ၁ ပါး၊ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၂ ယောက် ဒဏ်ရာရသလို ဘုန်းကြီးကျောင်းထဲက ဘုရားခန်းနဲ့ ဇရပ်အပါအဝင် အဆောက်အအုံတချို့၊ ကျေးရွာဆေးပေးခန်းနဲ့ အိမ် ၁၀ လုံးကျော် ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဩဂုတ်လအတွင်း လေကြောင်းကနေ မိုးကုတ်မြို့ကို ၄ ကြိမ်၊ ကျောက်မဲမြို့ကို ၂ ကြိမ်၊ သီပေါမြို့ကို ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေး ၃ ယောက်၊ သံဃာတော် ၂ ပါး၊ အမျိုးသမီး ၁၇ ယောက်နဲ့ အမျိုးသား ၁၆ ယောက်သေဆုံးခဲ့ပြီး အယောက် ၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
စစ်တပ်ဟာ TNLA ထိန်းချုပ်ထားတဲ့မြို့တွေကို နေ့တိုင်းဆိုသလို ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လုပ်နေပြီး ဒေသခံတွေ ထိခိုက်သေဆုံးနေကြရပါတယ်။