Home
မြန်မာသတင်း
ရွေးကောက်ပွဲ ကျင်းပသည့်မြို့များကို ကျန်မြို့များက အကူအညီပေးရေး စစ်တပ် စီစဥ်နေ
DVB
·
August 24, 2025

ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်မြို့ကြီး ၁၂ မြို့မှာ အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကျင်းပမှာ ဖြစ်လို့  ကျန်မြို့နယ်တွေအနေနဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေ ကူညီပေးနိုင်ဖို့ စစ်ကောင်စီက လုပ်ဆောင်နေတယ်လို့ ဌာနဆိုင်ရာသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

ရွေးကောက်ပွဲ ပထမပိုင်းမှာပါတဲ့ ခရိုင်မြို့ကြီး ၁၂ မြို့ကို လုံခြုံရေးအရ စစ်တပ်၊ လုံခြုံရေးရဲတပ်ရင်း၊ ပြည်သူ့စစ်နဲ့ ပလကဖအဖွဲ့တွေကို မွမ်းမံသင်တန်းပေးတာအပြင် စားနပ်ရိက္ခာနဲ့ လစာငွေကြေးတို့ကိုလည်း ရွေးကောက်ပွဲမတိုင်ခင်အထိ ပေးနိုင်ဖို့ စစ်ကောင်စီက စီစဥ်နေတယ်လို့ ထွေအုပ်ဝန်ထမ်းတယောက်က ပြောပါတယ်။

“အခုလာမယ့် ရွေးကောက်ပွဲမှာ ခရိုင် ၁၄ ခုမှာ အင်းစိန်ခရိုင်နဲ့ လှည်းကူးခရိုင် မပါဘူး။ ခရိုင် ၁၂ ခုမှာ လုပ်တဲ့မြို့တွေကလည်း ခရိုင်အခြေစိုက်တဲ့ မြိုနယ်တွေမှာပဲ အရင်လုပ်တာ။ ဥပမာ တွံတေးမှာ လုပ်ရင် ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တိုက လုံခြုံရေးပေးရမှာ။”

ရွေးကောက်ပွဲ ကျင်းပမယ့် တွံတေး၊ မှော်ဘီ၊ မရမ်းကုန်း၊ တိုက်ကြီးနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ နယ်လုံဝန်ကြီးဗိုလ်မှူးကြီးတင်ဝင်းနဲ့ အဖွဲ့က မဲရုံမှာ လုံခြုံရေးယူမယ့် ပြည်သူစစ်အဖွဲ့တွေနဲ့ ပလကဖအဖွဲ့တွေကို သြဂုတ် ၁၉ မှ ၂၂ ရက်အတွင်း ဆန်၊ ဆီနဲ့ စားနပ်ရိက္ခာနဲ့ ငွေကြေး ထောက်ပံခဲ့တယ်လို့  ကလကဖအဖွဲ့ ဝင်တယောက်က ပြောပါတယ်။

“ရွေးကောက်ပွဲပြီးတာနဲ့ နယ်လုံဝန်ကြီးက လုံခြုံရေးယူတဲ့လူတွေကို ထောက်ပံ့ငွေရော အလုပ်အတွက်ရော စီစဥ်ပေးမယ် ပြောတယ်။ အများဆုံးဝင်ပြီးလုပ်ကြတာ ကျူးကျော်တဲက လူတွေနဲ့ ဘေးတွဲသမားတွေ များတယ်။ လတိုင်းတော့ ဆန်၊ ဆီ၊ ဆား ထောက်ပံ့တာများတယ်။ ငွေက တခါတလေမှ ပေးတာ။”

ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ပထမပိုင်းမှာ ရန်ကုန်တိုင်းက ကမာရွတ်၊ ကျောက်တံတား၊ တိုက်ကြီး၊ တွံတေး၊ တောင်ဒဂုံ၊ ဗိုလ်တထောင်၊ မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း ၊ သန်လျင်နဲ့ အလုံမြိုနယ်မှာသာ ပါဝင်ပါတယ်။

စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ပထမပိုင်းကို မြို့နယ်ပေါင်း  ၁၀၂ မြို့နယ်မှာ ဒီဇင်ဘာလ ၂၈ နေ့စတင်ကျင်းပသွားမယ်လို့ သြဂုတ် ၂၀ ရက်က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013